လက်နက်ချ အညံ့ခဲ့ကြသည့် စစ်ကောင်စီ၏ တပ်မိသားစုဝင် (၃၈၀)ကျော်ကို MNDAA က ခရီးစရိတ် ကျပ်(၅၀,၀၀၀)စီ ပေးကာ နေရပ် ပြန်ပို့

လက်နက်ချ အညံ့ခဲ့ကြသည့် စစ်ကောင်စီ၏ တပ်မိသားစုဝင် (၃၈၀)ကျော်ကို MNDAA က ခရီးစရိတ် ကျပ်(၅၀,၀၀၀)စီ ပေးကာ နေရပ် ပြန်ပို့

 အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်မှုအတွင်း လက်နက်ချ အညံ့ခဲ့ကြသည့် စစ်ကောင်စီတပ်သားများ အပါအဝင် တပ်မိသားစုဝင် (၃၈၀)ကျော်ကို MNDAA က ခရီးစရိတ်အဖြစ် တစ်ဦးလျှင် ကျပ်(၅၀,၀၀၀)ပေးကာ နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း MNDAA က ၂၀၂၄ခုနှစ် ဩဂုတ်လ(၇)ရက်နေ့က သတင်းထုတ်ပြန်လာသည်။

MNDAA ၏ နိုင်ငံရေးဌာန ရှေ့တန်းလုပ်ငန်းအဖွဲ့က တပ်မိသားစုဝင် (၃၈၀)ကျော်ကို ခရီးစရိတ်အဖြစ် တစ်ဦးလျှင် ကျပ်(၅၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း ကျပ်(၉၆)သိန်း ခွဲဝေပေးကာ ပြန်ပို့ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"မဟာမိတ်တပ် MNDAA က စစ်သုံ့ပန်းများအား ဦးစားပေး ကောင်းမွန်စွာ ဆက်ဆံရေးမူဝါဒကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့ပြီး ၎င်းတို့၏ အခြေခံရည်ရွယ်ချက်ကို သစ္စာရှိရှိအကောင်အထည်ဖော်ကာ အာဏာသိမ်းတပ်ဖွဲ့ဝင် စစ်သားများ၏ မိသားစုများကိုပင် အကာအကွယ်ပေးခဲ့ကြောင်း စစ်သုံ့ပန်းများအား ဦးစားပေး  ကောင်းမွန်စွာ ဆက်ဆံခြင်းသည် ၂၀၂၃ခုနှစ်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အစကတည်းက ဖြစ်ကြောင်း၊   စစ်သုံ့ပန်းအဖြစ် ဖမ်းမိသည့် တပ်မိသားစုဝင်များကို  ယခုလို ခရီးစရိတ်များပေး၍ ပြန်ပို့ပေးသည်မှာ ယခင်ကတည်းက ဖြစ်ကြောင်း"သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 "စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဟာမိတ်တပ်ကို တစ်နိုင်ငံလုံးဆိုင်ရာ သတင်းရှင်းလင်းပွဲတွင် ရှုတ်ချပြောဆိုခဲ့ပြီး မဟာမိတ်တပ်သည် ရန်သူ့စစ်သားများ၏ မိသားစုဝင်များကို မနာလို၍ ဖမ်းဆီးကာ ကြမ်းတမ်းစွာ ဆက်ဆံခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သော်လည်း မင်းအောင်လှိုင်သည် ပြည်လူထုရှေ့မှောက်တွင် မဟုတ်မမှန်သတင်းများ ဖြန့်ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ အာဏာသိမ်းအဖွဲ့၏ ဂရုတစိုက်ဖန်တီးထားသော လိမ်ညာမှုများသည် နောက်ဆုံးတွင်  အဖြေမှန် ပေါ်လွင်လာမည်"ဟုလည်း ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ဖမ်းဆီးရမိပါက ညှင်းပမ်းနှိပ်စက်သလို အစဖျောက်သတ်ဖြတ်သည်များရှိသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက လူသားခြင်း စာနာမှုကို အထူးအလေးထားကာ ဆေးကုသပေးခြင်း၊ နေရပ်ပြန်ရန် လမ်းစရိတ်ပေးခြင်း၊ ယာဉ်များစီစဉ်ပေးခြင်းဖြင့် ကူညီလုပ်ဆောင်ပေးသည်ကို တွေ့ရသည်။

MNDAA အနေဖြင့် မြို့သိမ်းတိုက်ပွဲ နှင့် စခန်းသိမ်းတိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ကောင်းမွန်စွာ စောင့်ရှောက်ပေးထားသလို ဒဏ်ရာရရှိထားသူများကိုလည်း ဆေးဝါးကုသပေးမှုများ ပြုလုပ်ပေးခြင်းဖြင့် စောင့်ရှောက်ပေးထားကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သည့် မိန့်ခွန်းများထဲတွင် ၎င်းတို့၏ တပ်သားများနှင့် တပ်မိသားစုဝင်များ၏ အခြေအနေများ နှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားမှုများကို ပြန်လည်လွတ်ပေးရေး တစ်ခွန်းမှ ထည့်သွင်းပြောကြားခြင်း နှင့် တောင်းဆိုခြင်းမရှိသလို ဥပက္ခာပြုထားသော်လည်း MNDAA က လိုအပ်သည်များကို ကူညီပြီး နေရပ်ကို ပြန်လည် ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။

 

#TachileikNewsAgency