ငါးဖမ်းစက်လှေများတွင် အလုပ် လုပ်သည့် မြန်မာနိုင်ငံသား (၁၁)ဦး မလေးရှားနိုင်ငံဘက်မှနေ၍ ထိုင်းဘက်သို့ နယ်စပ်မြစ်ကိုဖြတ်ကူး၍ တရားမဝင် ဝင်ရောက်ရန်ကြိုးစားစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မလေးရှား - ထိုင်းနယ်စပ်ကို ဖြတ်သန်းဝင်ရောက်ရန် ကြိုးစားနေသည့် အမျိုးသား (၁၁) ဦးအဖွဲ့ကို ရဲတပ်ဖွဲ့က ဖမ်းမိသော်လည်း ၎င်းတို့အားပို့ပေးသည့် လှေသမားမှာ လွတ်မြောက်သွားကြောင်း သိရသည်။
မြန်မာနိုင်ငံသား အမျိုးသား (၁၁) ဦးမှာ တရားဝင်အထောက်အထားများ ပြသနိုင်ခြင်းမရှိသဖြင့် ထိန်းသိမ်းထားပြီး COVID 19 စစ်ဆေးပေးသွားမည်ဟု သိရသည်။
၎င်းတို့သည် မလေးရှားနိုင်ငံဘက်တွင် ငါးဖမ်းလှေများ၌ အလုပ်လုပ်ကိုင်ခဲ့သူများဖြစ်ပြီး ထိုင်းနိုင်ငံတွင်း အလုပ်အကိုင်ရှာဖွေရန် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် COVID 19 ဖြစ်ပွားမှု မြင့်တက်လာချိန်မှစ၍ ရွှေ့ပြောင်းလုပ်သားအများစုသည် မလေးရှား - ထိုင်းနယ်စပ် တောလမ်းများမှ တရားမဝင် ဝင်ရောက်ကာ အလုပ်အကိုင်ရှာဖွေရန် ကြိုးစားလာကြရာ တရားမဝင် ဝင်လာသူများကို မကြာခဏ ဖမ်းမိကြောင်း သိရသည်။
မလေးရှားဘက်မှ ထိုင်းဘက်သို့ တရားမဝင် ဝင်လာကြသည့် ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရပါက ကွင်းဆက်မလိုက်နိုင်ရန်အတွက် ရွှေ့ပြောင်းလုပ်သားများ၏ passport များကို မလေးရှားဘက်မှ ပို့ဆောင်ပေးသည့်အေဂျင်စီက သိမ်းယူထားလေ့ရှိသဖြင့် နိုင်ငံဖြတ်ကျော် လူကုန်ကူးနေသူများ ဖြစ်နိုင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က သံသယရှိနေခြင်းဖြစ်သည်။
Tachileik News Agency
Source: The Nation