မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စစ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်က ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး အမှုဖွင့်ခံရ၍ တိမ်းရှောင်နေပြီးမှ နေအိမ်သို့ ပုံမှန်အတိုင်း ပြန်လာနေသူများကို ပြန်လည်ဖမ်းဆီးမှုများအဖြစ် ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း၌ လုပ်ဆောင်နေရာ ပြန်လည်ဖမ်းခံရသူ (၂)ဦး ရှိကြောင်း သိရသည်။
ဖမ်းဆီးခံရသူ(၂)ဦး အနက် အသက်(၃၄)နှစ်အရွယ် ကိုယောဟန်ကို ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့က တာချီလိတ်မြို့ ပါလျှံ(၁)အပိုင်း မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားအနီးရှိ ကားဝပ်ရှော့ကနေ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ဒုတိယမြောက် ဖမ်းခံသူမှာ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းနေ ဦးချစ်မွှေးဆိုသူအား ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၉)ရက်နေ့ ည(၇)နာရီ ဝန်းကျင်အချိန်က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ဦးချစ်မွှေးအား ဆန္ဒပြရာတွင် ပါဝင်၍ဟုဆိုကာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့က တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၁/၂၀၂၁ သဘာဝဘေးပုဒ်မ ၂၅/ကျင့် ၅၁၂ ဖြင့် အမှုဖွင့်ခံထားရပြီး ထိုစဉ်က ဖမ်းဆီးရန် ရှာဖွေမှုများ ပြုလုပ်၍ တိမ်းရှောင်ခဲ့ပြီး နောက်ပိုင်းတွင် တာချီလိတ်၌ အဖမ်းအဆီးများ ငြိမ်သွားသည့်အတွက် ၎င်းသည် နေအိမ်သို့ ပုံမှန်အတိုင်း ပြန်လည်နေထိုင်လာရာမှ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၉)ရက်နေ့တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
ဦးချစ်မွှေး နှင့် ကိုယောဟန်တို့သည် (၃)နှစ်ကျော် အကြာတွင် ဖမ်းခံရခြင်း ဖြစ်သည်။
အလားတူ ရန်အောင်မြေရပ်ကွက်တွင်းနေသူ ကိုယောဟန်ကိုလည်း ၂၀၂၁ခုနှစ်အတွင်းက ဆန္ဒပြပွဲများတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးရန် ရှာဖွေမှုကြောင့် တိမ်းရှောင်နေခဲ့ရာမှ နေအိမ်သို့ ပြန်လည်နေထိုင်ပြီးနောက် အောက်တိုဘာလ(၁၅)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းအား ၂၀၂၁ခုနှစ် အာဏာသိမ်းစက ဆန္ဒပြပွဲများနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး အောက်တိုဘာလ(၁၅)ရက်နေ့ က ဖမ်းမိသည့်အတွက် ၎င်း၏ Facebook စာမျက်နှာတွင် တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် ပိုစ့်များ တင်ခြင်းနှင့် မျှဝေခြင်းများ ပြုလုပ်၍ဟု စွပ်စွဲကာ ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်ကိုကိုဦးက တရားလိုပြုလုပ်ပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၁၅၄/၂၀၂၄ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံ အမှုဖွင့်လိုက်ကြောင်း သိရသည်။
အောက်တိုဘာလ(၁၅)ရက်နေ့က ဖမ်းဆီးခံရသည့် ကိုယောဟန်နှင့်ပတ်သက်ပြီး မိသားစုနှင့်အဆက်အသွယ် မရသလို မည်သည့် အကြောင်းကိစ္စမျှ မသိရဘဲ ဖမ်းဆီးခံရသည်ကိုသာ သိရကြောင်း နှင့် စစ်ကြောရေးတွင် အောက်တိုဘာလ(၁၈)ရက်နေ့က သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေသလို သေဆုံးပြီဟုဆိုသော်လည်း အလောင်းမတွေ့ရကြောင်းနှင့် ဖြစ်စဉ်များကိုလည်း မိသားစု အပါအဝင် ၎င်းနှင့်နီးစပ်သူများအနေဖြင့် လုံးဝ မသိရှိရကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က စပြီး ဆန္ဒပြသူများတွင် တာချီလိတ်ကလည်း ပါဝင်ရာ တာချီလိတ်မှ ဆန္ဒပြရာတွင် ပါဝင်သူများထဲက အချို့ကို ၂၀၂၁ခုနှစ် ကနေ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိ သဘာဝဘေးပုဒ်မ၊ ပုဒ်မ ၅၀၅-က နှင့် အကြမ်းဖက်ဥပဒေများဖြင့် ဆက်တိုက် အမှုဖွင့် ရှာဖွေခံထားရမှုကြောင့် တိမ်းရှောင် နေသူများမှာ အများအပြားရှိနေပြီး အချို့မှာ ဖမ်းဆီးမှုများ ငြိမ်သွား၍ဟုဆိုကာ နေအိမ်သို့ ပြန်လည်နေထိုင်နေသူများရှိနေသည့်အတွက် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့က ပြန်လည်ရှာဖွေ ဖမ်းဆီးနေဆဲဖြစ်သည်။