ခိုးဆိုးလုယက်မှု နှင့် ဓါးပြတိုက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ဖုန်းဆိုင် ဓါးပြတိုက်ခံရ၍ လူ(၁)ဦး သေနတ်မှန်ပြီး သေဆုံး

ခိုးဆိုးလုယက်မှု နှင့် ဓါးပြတိုက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ဖုန်းဆိုင် ဓါးပြတိုက်ခံရ၍ လူ(၁)ဦး သေနတ်မှန်ပြီး သေဆုံး

 ခိုးဆိုးလုယက်မှု နှင့် ဓါးပြတိုက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ဖုန်းအရောင်းဆိုင် တစ်ဆိုင် ဓါးပြတိုက်ခံရပြီး ဖုန်းများ ပါသွားသည့်အပြင် ဆိုင်ဝန်ထမ်း  အမျိုးသားတစ်ဦးသေဆုံးသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၃)ရှိ First Rate ဖုန်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပါလျံ(၃)ရှိ First Rate ဖုန်းဆိုင်သို့ ယနေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင်   သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား(၄)ဦး ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာကာ ဆိုင်အတွင်းဝင်ရောက် ဓါးပြတိုက်ရာ iPhone အလုံး (၂၀)ကျော် ယူဆောင်သွားကြောင်း ကနဦး သိရသည်။

အဆိုပါ အမျိုးသား(၄)ဦးတွင် သေနတ်ပါပြီး ၎င်းတို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဖုန်းဆိုင်၏ ဝန်ထမ်းတစ်ဦးဖြစ်သူ  အသက်(၂၀)ကျော်အရွယ်ရှိ ကိုဟိန်းမြတ်သူသည် ကျည်မှန်သွားပြီး  သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် ဖုန်းဆိုင်များတွင် မကြာခဏ ဖောက်ထွင်းခိုးခံရမှုများရှိ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ CCTV မှတ်တမ်းနှင့်အတူ အသိပေး အကြောင်းကြားသော်လည်း တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တို့က ဖမ်းဆီးအရေးယူနိုင်စွမ်း မရှိ၍ ပိုမိုအတင့်ရဲလာခြင်းဖြစ်သည်ဟု ဖုန်းဆိုင်လုပ်ငန်းရှင်များက ဆိုသည်။

"ရေကြီးတဲ့ကာလတုန်းကနဲ့ အဲ့မတိုင်မီတုန်းကလည်း ဖုန်းဆိုင်တွေသီးသန့် ဖောက်ထွင်းခိုးယူခံရတာ ဆက်တိုက်ဖြစ်ခဲ့သေးတယ်။ အဲ့တုန်းက CCTV နဲ့အတူ ရဲကို တိုင်တယ်။ အသိပေးအကြောင်းကြားတော့ မင်းတို့ ဒါကို အင်တာနက်မှာ မတင်နဲ့ ငါတို့ရအောင် ရှာဖမ်းပေးမယ်လို့ ပြောပေမဲ့ အခုထိ ဘာမှ မထူးလာဘူး။ ဒီနေ့တော့ လူသေတဲ့အဆင့်အထိ ပိုဆိုးရွားလာပြီ"ဟု ဟောင်လိတ်နယ်မြေရဲစခန်းအပိုင်တွင်းရှိ ဖုန်းဆိုင်လုပ်ငန်းရှင် တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁၃)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့ပေါ် ဟောင်လိတ်နယ်မြေရဲစခန်းအပိုင် နယ်မြေတွင်း ဖုန်းဆိုင်အများဆုံးရှိသည့် ရန်အောင်မြေ နှင့် ဝိန်းကျောက်ရပ်ကွက်အတွင်းတို့တွင် ဖုန်းဆိုင်များ မကြာခဏ ဖောက်ထွင်းခိုးယူခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားနေလျှက်ရှိရာမှ ယခုအခါ နေ့ပိုင်းအချိန်တွင် ဖုန်းဆိုင်အတွင်း ဓါးပြတိုက်သည်အထိ ဖြစ်ပွားလာနေသည်။

တာချီလိတ်မြို့မရဲစခန်းအပိုင် နယ်မြေအတွင်း ဝမ်ကောင်း၊ ဆန်ဆိုင်း နှင့် မယ်ခေါင်ရပ်ကွက်အတွင်းရှိ ဖုန်းဆိုင်များလည်း ဖောက်ထွင်းခိုးခံရမှုများနှင့် ကြုံခဲ့ရသေးကြောင်း သိရသည်။