မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဖုန်းဆိုင်အတွင်း ဓါးပြတိုက်ရာကနေ လူသတ်မှုအထိ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV မှတ်တမ်းများအရ ခြေရာခံကာ လိုက်လံရှာဖွေပြီး ဖမ်းဆီးရာ အပြန်အလှန် ပစ်ခတ်မှုကြောင့် ဓါးပြအဖွဲ့ (၄)ဦးကို အသေပစ်ခတ် ဖမ်းဆီးရမိကြောင်း နှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး စိုးရိမ်ရသည့် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ဓါးပြတိုက်သည့် ဖြစ်စဉ်သည် ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၃)ရှိ First Rate ဖုန်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ဆိုင်ကယ် (၂)စီးဖြင့် စီးလာပြီး သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား(၄)ဦးသည် ဖုန်းဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်အတွင်းမှ ဝန်ထမ်းများကို ကြမ်းပြင်ပေါ်သို့ မှောက်ခိုင်းထားကာ iPhone များကိုသာ ရွေးချယ် ယူဆောင်ကြောင်းနှင့် ဓါးပြအဖွဲ့ (၄)ဦးအနက် (၁)ဦးမှာ ဖုန်းဆိုင်အနောက်ခန်းတွင် သီချင်းဖွင့်ပြီး ဖုန်းပြင်နေသည့် ကိုဟိန်းမြတ်သူထံသို့ သွားရောက်ချိန်တွင် ကိုဟိန်းမြတ်သူသည် ဖုန်းပြင်ရန် လာရောက်သည်ဟု ထင်ကာ ထရပ်လိုက်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကာ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဟိန်းမြတ်သူသည် ဓါးပြအဖွဲ့၏ ပစ်ခတ်မှုကြောင့် နံကြားတွင် ကျည်တစ်ချက်ထိမှန်သည့် ဒဏ်ရာဖြင့် သွားဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဓါးပြအဖွဲ့သည် အဆိုပါ ဖုန်းဆိုင်မှ iPhone 15 (၅)လုံး နှင့် iPhone 16 (၁၅)လုံးတို့ကို ယူဆောင်ပြီး ၎င်းတို့ လာရာလမ်းအတိုင်း ပြန်သွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာများက ဖုန်းဆိုင်၏ CCTV အပါအဝင် LM Home Center ၏ CCTV အထိ ဆင့်ကဲကြည့်ရှုပြီး ဓါးပြအဖွဲ့ လာရောက်လမ်းကြောင်းကို ခြေရာခံခြင်း ဖြစ်ကြောင်း သိရသည်။
LM Home Center ၏ CCTV မှတ်တမ်းအရ အဆိုပါ ဓါးပြ(၄)ဦးသည် LM Home Center ဘေးလမ်းကြားနေ ထွက်လာခြင်းဖြစ်သလို ဓါးပြတိုက်အပြီး အပြန်တွင် အဆိုပါ လမ်းကြားကနေ ပြန်လည် ဝင်ရောက်သွားခြင်း ဖြစ်သည်ကို တွေ့ရကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
ဓါးပြအဖွဲ့သည် ဓါးပြတိုက်ပြီးအပြန် LM Home Center ဘေးလမ်းကြားသို့ ဝင်ရောက်သွားပြီး လမ်းတလျှောက်ကနေ ပါလျှံ(၁) သင်္ချိုင်းရှေ့အထိ ၎င်းတို့ ဝတ်ဆင်ခဲ့သည့် အင်္ကျီ၊ လက်အိတ် နှင့် ဦးထုပ်တို့ကို ချွတ်ပြီး လွှင့်ပစ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ လမ်းဆုံ လမ်းခွများရှိ CCTV များစွာတို့ကို ကြည့်ပြီး အဖွဲ့များခွဲ၍ ရှာဖွေရာ ဓါးပြအဖွဲ့၏ လမ်းကြောင်းသည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာရှိ အိမ်ခန်းငှားတွင် အဆုံးသတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဓါးပြအဖွဲ့အား ဖမ်းဆီးရာတွင် CCTV ဖြင့် ခြေရာခံခြင်းအပြင် ဓါးပြအဖွဲ့ စီးလာသည့် ဆိုင်ကယ်နှင့် ပတ်သက်၍လည်း ဆိုင်ကယ် ဝယ်ရောင်းဆိုင်များတွင် ပြသစုံစမ်းရာ ဆိုင်ကယ်များကို ၂၀၂၄ခုနှစ် နိုဝင်ဘာ(၁၁)ရက်နေ့က HN-12/ 1K-7890 နံပါတ်တပ်ဆင်ထားသည့် TOYOTA WISH အမျိုးအစား အဖြူရောင်ကားဖြင့် လာရောက်ဝယ်ယူကြောင်း သိရသည်။
ယင်းသို့ စုံစမ်းမှုများအရ အုပ်စုများခွဲ၍ ရှာဖွေရာ နောက်ဆုံးတွင် ဓါးပြအဖွဲ့၏ တည်နေရာကို သိရှိရ၍ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့ အကူးပိုင်းအချိန်တွင် စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က သွားရောက် ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
ယင်းသို့ သွားရောက်ဖမ်းဆီးချိန်တွင် ဝမ်ကျောက်လုံကျေးရွာရှိ နေအိမ်လိုင်းခန်းငှားအခန်း အမှတ်(၁၀)တွင် နေထိုင်သည့် ဓါးပြအဖွဲ့က ပစ်ခတ်သည့်အတွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရခြင်း ဖြစ်သည်ဟု သိရသည်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း ပူးပေါင်းအဖွဲ့ထဲက စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ တပ်ကြပ်ကြီး စိုင်းမျိုးဇော်၊ ရဲတပ်ကြပ် စိုင်းထက်အောင် နှင့် ရဲဒုတပ်ကြပ် ဆန်းဝင်းတို့၏ လက်ချက်ဖြင့် ဓါးပြ(၄)ဦးမှာ အသေပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်ဒဏ်ရာ ရရှိသူများအနက် ရဲတပ်ဖွဲ့တစ်ဦးမှာ စိုးရိမ်ရ၍ ထိုင်းနိုင်ငံဘက်သို့ အရေးပေါ် ပို့ဆောင်ထားရသည်ဟုလည်း သတင်းရင်းမြစ်များထံက သိရသည်။
ဓါးပြအဖွဲ့များကို အသေပစ်ခတ် ဖမ်းဆီးပြီးနောက် သေနတ်(၄)လက် နှင့် လက်ကျန် ကျည် (၇)တောင့် အပြင် အသံတိတ်ပြောင်း (၁)ခု အပါအဝင် TOYOTA WISH အမျိုးအစား အဖြူရောင်ကား တစ်စီးကိုလည်း တွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြကြောင်း သိရသည်။
ဖုန်းဆိုင်မှ အိုင်ဖုန်း အလုံး(၂၀)ယူသွားသော်လည်း ၎င်းတို့ထဲမှ အိုင်ဖုန်း အကောင်း(၉)လုံး နှင့် မကောင်းသည့် ဖုန်း (၃)လုံး စုစုပေါင်း ဖုန်း(၁၂)လုံးသာ တွေ့ရှိ သိမ်းဆည်းရရှိကြောင်း သိရသည်။
သေဆုံးသွားသည့် ဓါးပြ(၄)ဦးအနက် တစ်ဦး၏ အင်္ကျီအိတ်ကတ်အတွင်း၌ ပါရှိသည့် မှတ်ပုံတင်အရ တစ်ဦးမှ အသက်(၃၄)နှစ်အရွယ် ဖန်လီ ဆိုသူဖြစ်ပြီး တာချီလိတ်ဒေသခံများမဟုတ်ဘဲ လားရှိုးမြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၁၆၈/၂၀၂၄၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၂/၃၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
"သူတို့တွေ အခုလို တကယ်ဖမ်းရင် တကယ်မိပါတယ်။ အခုလိုသာ တကယ်ဖမ်းရင် တာချီလိတ်မှာ နေ့စဉ်ဖြစ်နေတဲ့ ခိုးမှုနဲ့ လုယက်မှုတွေ လျော့ပါးသွားနိုင်တယ်။ ခိုးခံရသူ လုခံရသူတွေကလည်း ရဲစခန်းမှာ သွားအကြောင်းကြားပေမဲ့ ရဲကလည်း လာအကြောင်းကြားတာကို ခရိုင်အထိ မတင်ပြဘဲ အောက်ခြေမှာ အစဖျောက်လိုက်ပြီး စုံစမ်းမှု မလုပ်တော့ မမိဘူးပေါ့။ အခုလို ဖမ်းဆီးတာကတော့ တကယ် အားရဖို့ ကောင်းတယ်။ တာချီလိတ်မှာက လူတွေအရမ်းများလာပြီး မှုခင်းတွေအရမ်းများလာနေတယ် ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှ ပြည်သူတွေ လုံခြုံမယ်"ဟု ဒေသခံ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းလာသူများကို ဓါးဖြင့်ခုတ်၍ လုယူခြင်း၊ ရပ်ထားသည့် ဆိုင်ကယ်များ ခိုးယူခြင်း၊ နေအိမ်အတွင်း ဝင်ရောက်ကာ ဆိုင်ကယ် ကူးယူခြင်း နှင့် ဖုန်းဆိုင်များ ဖောက်ထွက်ခိုးယူခံရခြင်းအပြင် ပြန်ပေးဆွဲမှုများနှင့် ဓါးပြတိုက်မှုများမှာ နေ့စဉ် နီးပါးဖြစ်ပွားနေပြီး ပြန်ပေးဆွဲမှုများနှင့် ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးရမိခြင်း တခါမှမရှိသေးကြောင်း သိရသည်။