မြန်မာပြည်တဝှမ်းတွင် ၎င်းအား ဝိုင်းဝန်းတိုက်ခိုက်နေကြောင်း စစ်ခေါင်းဆောင်ပြောဆို

မြန်မာပြည်တဝှမ်းတွင် ၎င်းအား ဝိုင်းဝန်းတိုက်ခိုက်နေကြောင်း စစ်ခေါင်းဆောင်ပြောဆို

အာဏာသိမ်း စစ်ခေါင်းဆောင်သည် မြန်မာပြည်တဝှမ်းတွင် ၎င်းအား ဝိုင်းဝန်းတိုက်ခိုက်နေကြောင်းကို ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၅) ရက်နေ့ ညနေပိုင်းတွင် ၎င်းတို့ပိုင် သတင်းဌာနများမှတဆင့် ပြောဆိုလာသည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားလက်နက်ကိုင်တပ်များက ၎င်းအား တော်လှန်ပုန်ကန်နေခြင်းကို နားလည်နေပြီး စစ်ရှုံးနေသဖြင့် ပြည်သူက စစ်ကောင်စီတပ်အား ထောက်ခံပေးရန်နှင့် ဝိုင်းဝန်းဆန့်ကျင်ရန်ပြောဆိုသည့် ရုပ်သံတွင်  စကားပင်မပီတော့သလို ညှိးငယ်သည့် မျက်နှာအနေအထားကို တွေ့ရသည်။ 

NCA လက်မှတ်ထိုးသည့် အဖွဲ့များ၊ လက်မှတ်မထိုးသည့် အဖွဲ့များကလည်း PDF များကို စစ်သင်တန်ပေးပြီးနောက် PDF များ၏ တိုက်ခိုက်မှုကို နိုင်ငံတဝှမ်းကြုံတွေ့နေရကာ မထိန်းနိုင်သေးကြောင်း ဝန်ခံပြောဆိုသည်။

သို့သော်လည်း MNDAA၊ TNLA၊ AA တပ်များ၏ တိုက်ခိုက်မှုကိုသာ ပြောဆိုကာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း အတွင်း မြို့များသိမ်းခံရသည်ကို ထုတ်ဖော် မပြောဆိုနိုင်သည့်အပြင် ဒုတိယပိုင်းအတွင်း တိုင်းစစ်ဌာနချုပ်သည်ပင်ကျရှုံးသည်ကို ပြောဆိုနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ထို့အပြင် စစ်ခေါင်းဆောင်သည် ရှမ်းမြောက်တွင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ပြောဆိုခြင်း၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြောဆိုခြင်းလည်း လုပ်ဆောင်သည်။

“သူတို့ အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဒေသတွေကို ကြည့်ရင် သူတို့လူမျိုးနေထိုင်တဲ့ ရာခိုင်နှုန်းအနည်းငယ်သာရှိတာကိုလည်း တွေ့နိုင်ပါတယ်။”ဟု ပြောဆိုသည်။

တရားဥပဒေစိုးမိုးမှု အပြည့်ရှိပါက ဒေသခံပြည်သူများကို လက်နက်ကိုင် ခြိမ်းခြောက်ပြီး လိုသလို ချုပ်ချယ်မရနိုင်တော့မှာ၊ ကိုယ်ကျိုးစီးပွားရှာမရနိုင်တော့မှာကို သိသဖြင့် ယခုကဲ့သို့ မိုက်တွင်းနက်သည့် လုပ်ရပ်များကို လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ယခင်က(စစ်ကောင်စီအုပ်ချုပ်စဉ်) တရားမဝင် ဝင်ရောက်နေထိုင်ကြသူများနှင့် ပတ်သက်ဆက်နွယ်သူများပူး ပေါင်းကာ ကျားဖြန့်(ခေါ် )အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုများနှင့် တရားမဝင်လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြကြောင်း စစ်ခေါင်းဆောင်က ဝန်ခံသော်လည်း ၎င်းတို့လက်အောက်ရှိ ပြည်သူ့စစ်များ၊ အရာရှိများ၊ ကြံဖွံ့ပါတီဝင်များ ပါဝင်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“တရားမဝင် ဝင်ရောက်နေထိုင်ကြသူများနှင့် ပတ်သက်ဆက်နွယ်သူတွေကို အရေးယူခြင်း၊ လွှဲပြောင်းပေးခြင်း၊ နှိမ်နင်းခြင်းတွေကိုလည်း ကျွန်တော်အနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။”ဟု မင်းအောင်လှိုင် က ပြောသည်။

ထို့အပြင် AA သည် ကိုယ့်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေသည်ဟု ပြောဆိုပြီး စစ်ကောင်စီအနေဖြင့် ပြန်လည်တည်ငြိမ်စေရန် ဒေသခံများနှင့် ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။

KIA၊ CNF၊ KNU တပ်ဖွဲ့များသည် PDF များကို လက်နက်တပ်ဆင်ပေးပြီး ပြည်နယ်များအတွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို အင်အားသုံး တိုက်ခိုက်ခြင်းများကြောင့် တည်ငြိမ်အေးချမ်းမှုရရှိရန် အမြန်ဆုံးလုပ်ဆောင် ကြောင်း ပြောဆိုသည်။ 

“KNU အနေနဲ့ တပ်မဟာ ၁၊ ၃၊ ၅ (၃)ခုပူးပေါင်းပြီး စစ်တောင်းမြစ်တဝိုက်မှာ တိုက်ကွက်များ ဖော်ဆောင်နိုင်ဖို့  အတွက် လက်ရှိ KNU ဥက္ကဌ နဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျှက်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိ ထားပါတယ်။”ဟု မင်းအောင်လှိုင်က ပြောသည်။

တရုတ် - မြန်မာနယ်စပ်ရှိ EAOs နယ်မြေတချို့တွင် လက်နက်၊ ခဲယမ်းမီးကျောက် လက်နက်စက်ရုံများတည် ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများထုတ်လုပ်နေကာ PDF နှင့် အခြား EAO များအား ထောက်ပံ့ခြင်း၊ ရောင်းချခြင်းများလုပ်သည်ဟု ပြောဆိုသည်။

“ဒီလို လက်နက်ခဲယမ်း မီးကျောက်စက်ရုံတွေ တည်ထောင်နိုင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့ မရနိုင်ပါဘူး။ ငွေကြေးနဲ့ နည်းပညာအင်အားများစွာ လိုအပ်တာဖြစ်တာကြောင့် ဒီစက်ရုံတွေ လည်ပတ်ဖို့ ငွေကြေးနဲ့ နည်းပညာ အင်အား ဘယ်နေရာက ရရှိတာလည်းဆိုတာကိုလည်း ဆန်းစစ်သွားရမှာပဲဖြစ်ပါတယ်။”ဟု ၎င်းကပြောသည်။

၎င်းတို့အား တိုက်ခိုက်နေသည့် ဒရုန်းများမှာလည်း ပြင်ပကြေးစားများနှင့်ပူးပေါင်းကာ နည်းပညာအရ အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားတိုင်းသည် မြန်မာနိုင်ငံအတွင်း မည်သည့် ချုပ်ချယ်ကန့်သတ်မှုမှ မပါဘဲ လွတ်လပ်စွာသွားလာ နေထိုင်ခွင့်၊ လွတ်လပ်စွာကုန်စည်ကူးသန်း ရောင်းဝယ်ပိုင်ခွင့် ရရှိရမှာဖြစ်ပြီး လူမျိုးစွဲနှင့် လူမျိုးရေးအမြင်ကျဉ်း မြောင်းမှုကို လက်မခံဟုလည်း ဆိုသည်။

“သောင်းကြမ်းသူအဖွဲ့တွေ ကြီးစိုးလာတာနဲ့အမျှ ဒီအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေဆုံးရှုံးလာပါတယ်။”ဟု ၎င်း က ပြောသည်။ 

လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဖြေရှင်းနေမှုများကို ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတခုအနေဖြင့် လုံးဝ လက်ခံမရခြင်းကြောင့် ဘုံရန်သူအဖြစ် သတ်မှတ်ပြီး နိုင်ငံတဝှမ်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိသည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောဆိုသည်။