ရန်ကုန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်ဟု စွပ်စွဲကာ လူ ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်ဟု စွပ်စွဲကာ လူ ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်သည်ဟုစွပ်စွဲကာ လူ(၉)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီသတင်းဌာနများက ၂၀၂၄ခုနှစ် ဇွန်လ(၁၀)ရက်နေ့က ဖော်ပြသည်။ 

ဖမ်းဆီးခံရသူများမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ရန်ကုန်(UG)အဖွဲ့ဝင်များဖြစ်ပြီး ၂၀၂၄ခုနှစ် ဇွန်လ(၈)ရက်နေ့တွင် သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲတက်ရောက်မည့် စစ်ခေါင်းဆောင်ကို (၁၀၇)မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်နေသူများဖြစ်သည်ဟု စစ်ကောင်စီသတင်းဌာနများက စွပ်စွဲဖော်ပြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၁)ရပ်ကွက် သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်း အဟောင်း၌ စိန်ကြီး(ခ)အောင်ထွေး (၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင် (၁၈)နှစ်၊ မင်းသူ (၃၀)နှစ်၊ မောင်ဟိန်း (၂၄)နှစ်၊ အောင်သူရထွန်း (၂၅)နှစ်၊ ပြည့်ဖြိုးဇော် (၁၈)နှစ်နှင့် ထက်အာကာလင်း (၂၆)နှစ်တို့ (၇)ဦးအား (၁၀၇) မမရှော့တိုက်ဒုံး (၂) လုံး ၊ ဖြူးစ် (၂)ခု၊ လက်ပစ်ဗုံး (၂)လုံး၊ ဘတ္ထရီအိုး (၂)လုံး၊ ဝါယာကြိုးခွေ (၄)ခွေနှင့် အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဇွန်လ(၉)ရက်နေ့တွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ်(၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင် (ခ)ကိုဇာ (၃၂)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အမှတ်(၁၁၁) နေအိမ်မှ (၁၀၇) မမ ရှော့တိုက်ဒုံးတစ်လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိသည်ဟု ဆိုသည်။

#TachileikNewsAgency