ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပနှင့် မင်္ဂလာဒုံမြို့နယ်များအတွင်း ယမန်နေ့ ညပိုင်းက ပစ်ခတ်သံများကြားရကြောင်း သိရသည်။
မြောက်ဥက္ကလာမြို့နယ်အတွင်း လျှပ်စစ်မီတာရုံး၊ ထွေအုပ်ရုံးများအနီးရှိ အာဏာသိမ်းစစ်တပ်ရှိနေသည့် မြို့နယ်ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၁) ရက်နေ့ ည(၁၁)နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ည(၁၁)နာရီခွဲလောက်မှာ ပစ်ခတ်သံ (၉) ချက်လောက် ကြားတယ်။ အခြေအနေကို မသိရသေးဘူး။
ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
ယင်းနောက် ည (၁၁) နာရီ (၂၀) မိနစ်ဝန်းကျင်ကလည်း မြောက်ဥက္ကလာပ အမှတ် (၉) ရဲစခန်းထဲမှ ခေမာသီလမ်းမပေါ်သို့ သေနတ်ပစ်ခတ်သံ (၃) ချက်ကြားရသည်ဟု ဆိုသည်။
ယင်းအပြင် ယနေ့ ဇန်နဝါရီလ (၂၂) ရက်နေ့ နံနက် (၃) နာရီဝန်းကျင်၌ မင်္ဂလာဒုံလေတပ်စခန်းထဲမှလည်း ပစ်ခတ်သံကြားရကြောင်း ဒေသခံများထံမှ သိရသည်။
အချက်(၂၀) ကျော် ကြားရတယ်။ အပြန်အလှန်ပစ်တဲ့ အသံမျိုးတော့ မဟုတ်ဘူး။ လေတပ်ထဲကနေ အပြင်ကိုပစ်နေတာမျိုး ထင်တယ်။
ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
ယင်းအပြင် နံနက် (၃) နာရီ (၄၈) မိနစ်ခန့်ကလည်း အသံကျယ်တစ်ချက် ထပ်မံကြားခဲ့ရသည်ဟု သိရသည်။