စစ်ကောင်စီလွှတ်ပေးသည့် လွတ်ငြိမ်းထဲတွင် နိုင်ကျဥ်း ၄ ရာခိုင်နှုန်းသာပါဝင်

စစ်ကောင်စီလွှတ်ပေးသည့် လွတ်ငြိမ်းထဲတွင် နိုင်ကျဥ်း ၄ ရာခိုင်နှုန်းသာပါဝင်

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင် လွတ်ငြိမ်းခွင့်ပြုသည့် အကျဥ်းသား(၃၃၀၃)ဦးတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၄)ရာခိုင်နှုန်းသာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က လက်ရှိ ကောက်ယူထားမှုတွင် နိုင်ငံရေးအကျဉ်းသား(၁၀၁)ဦး လွတ်မြောက်ခဲ့ပြီး မြစ်ကြီးနားအကျဥ်း‌ထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီမှ ဧပြီလ (၁၇)ရက်နေ့ ညပိုင်းတွင် ပြန်လည်ခေါ်ဆောင်သွားသည်ဟု သိရသည်။

"ကျွန်တော်တို့ အဲဒီကြေညာချက် စထုတ်ပြီဆိုထဲက သူတို့ယတြာကြေအောင် ၃၃၀၃ ကိုးဂဏန်း၊ သူတို့အရမ်းကြိုက်တဲ့ ဂဏန်းတစ်ခုဖြစ်တယ်။ အဲဒီလိုပဲ သူတို့ယတြာချေတဲ့အနေနဲ့ပဲ လွှတ်ပေးခြင်းဖြစ်တယ်။ အဲဒီတော့ သုံးထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှု ၄ ရာခိုင်နှုန်းတောင်မပြည့်ပါဘူး။ ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကိုကြည့်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားပါဝင်မှု နည်းအောင်လို့ ရည်ရွယ်ချက်ရှိရှိကိုမှ ကန့်သတ်ခဲ့တာတွေကိုတွေ့ရမယ်။ အထူးသဖြင့်တော့ လက်နက်စွဲကိုင်တော်လှန်မယ့်သူတွေ စားရင်းထဲကို မပါဖို့ ပြီးတော့ လျော့ရက်ခံစားခွင့်မရဖို့ကိုမှ ရည်ရွယ်ချက်ရှိရှိနဲ့ကိုမှ ဥပဒေတစ်ရပ်ထုတ်ပြန်ပြီးမှ ရေးခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားပါခြင်းက နည်းခြင်းဖြစ်တယ်ပေါ့နော်။ နိုင်ငံရေးအကျဉ်းသားပါတာနည်းတာကို ကြည့်၍သော်လည်းကောင်း သူတို့ရဲ့ထုတ်ပြန်ချက်တွေကို ကြည့်၍သော်လည်းကောင်း ကျွန်တော်တို့ ဒါစစ်ကောင်စီက တော်လှန်ရေးအပေါ်မှာ အင်မတန်ကိုမှ စိုးရိမ်ကြောင့်ကြနေတယ် ရှုံးနိမ့်နေတယ်ဆိုတာကို အဓိက မြင်ကြရမှာဖြစ်ပါတယ်။"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက Tachileik News Agencyကိုပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘိုအကျဉ်းထောင်၊ ကသာထောင်၊ မုံရွာအကျဉ်းထောင်၊ ကလေးအကျဉ်းထောင်များတွင် စစ်ကောင်စီ ပြန်လွတ်ပေးသည့်အထဲတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်မှ လက်ရှိအချိန်ထိ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဧပြီလ (၁၂)ရက်နေ့က ထုတ်ပြန်ချက်တွင် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ် ဧပြီလ (၁၂)ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၄၈၈၄)ဦးရှိကာ အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်ဟု သိရသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆,၅၂၄)ဦးရှိပြီး ထိုအထဲမှ (၂၀,၃၅၁)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၉၄၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၆၁၇၃)ဦး ရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Political Prisoners Network - Myanmar