၂၀၂၅ အလွန် နိုင်ငံရေးနှင့် ပတ်သက်ပြီး အလွန်ကြီးမားသည့် စိန်ခေါ်မှု ဖြစ်လာနိုင်ကြောင်း စစ်ခေါင်းဆောင် တွေးပူ

၂၀၂၅ အလွန် နိုင်ငံရေးနှင့် ပတ်သက်ပြီး အလွန်ကြီးမားသည့် စိန်ခေါ်မှု ဖြစ်လာနိုင်ကြောင်း စစ်ခေါင်းဆောင် တွေးပူ

 အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲကို ၂၀၂၆ခုနှစ် ဇန်နဝါရီလအတွင်း အပြီးလုပ်ဆောင်ရန် လျာထားပြီး ၂၀၂၅အလွန်တွင် နိုင်ငံရေးနှင့်ပတ်သက်၍ ၎င်းတို့အတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်မည်ဟု ကြိုတင် တွေးပူနေသည်။

" ၂၀၂၅ အလွန်တွင် နိုင်ငံရေးနှင့် ပတ်သက်လာပါက မိမိတို့အတွက် အလွန်ကြီးမား သည့်စိန်ခေါ်မှုများဖြစ်ပေါ် လာနိုင်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင် မာမာ ဖြစ်စေရေးအတွက် မည်ကဲ့သို့ ထိန်းကြောင်း ဆောင်ရွက်သွားရမည်ကို စဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပထဝီအနေအထားအရလည်း မိမိတို့နိုင်ငံအနေဖြင့် သဘောသဘဝ မတူညီသည့် အင်အားကြီးနိုင်ငံကြီး နှစ်ခုအကြားတွင် နယ်နိမိတ်ထိစပ် တည်ရှိနေပြီး ပထဝီ အနေအထားအရ စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေရခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ ပထဝီအနေအထားအရ စိန်ခေါ်မှုများစွာရှိ နေသည်ကို သိရှိနေရမည်ဖြစ်ကြောင်း"အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 ၂၀၂၅ခုနှစ် မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် စစ်ကောင်စီ၏ အစည်းအဝေးကို ကျင်းပပြုလုပ်ရာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစည်းအဝေးသို့ တက်ရောက်လာသည့် ၎င်း၏ စစ်ကောင်စီအဖွဲ့ဝင်များကို ပြောခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရာထူးအာဏာမက်မောမှုနှင့်အတူ  ၎င်းအား မြှောက်ပင့်ပေးသူများကြောင့် ပြည်သူ့အာဏာကို သိမ်းယူလိုက်ရာတွင် ပြည်သူများက လက်ခံကြည်ဖြူမည်ဟု ထင်မှတ်ခဲ့သော်လည်း ၎င်းအား ငြိမ်းချမ်းစွာ ဆန္ဒပြရာကနေ စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ယနေ့အထိ လက်နက်ဆွဲကိုင်ကာ တော်လှန်စစ် ဆင်နွှဲလာသည်အထိ ဖြစ်ပေါ်လာသည့်အတွက် ၎င်းအနေဖြင့် တုန်လှုပ်ခဲ့ရသည်။



ယခုလည်း ယင်းဖြစ်စဉ် အပါအဝင်  ၎င်းတို့ လုပ်ဆောင်မည့် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြဿနာများကိုလည်း တွေးပူနေသည့် အခြေအနေ ဖြစ်နေသည်။

ရွေးကောက်ပွဲကို  ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၏ ဒုတိယပတ် နှင့် တတိယပတ် မှ ၂၀၂၆ခုနှစ် ဇန်နဝါရီလ၏ ပထမပတ် နှင့် ဒုတိယပတ်အတွင်းတို့တွင် ကျင်းပရန် လျာထားခြင်း ဖြစ်သည်။