မဲခေါင်မြစ်တွင် စက်လှေနစ်မြုပ်မှုကြောင့် ကျောင်းသား ကျောင်းသူ အနည်းဆုံး ကလေး (၁၄) ဦး သေဆုံး

မဲခေါင်မြစ်တွင် စက်လှေနစ်မြုပ်မှုကြောင့် ကျောင်းသား ကျောင်းသူ အနည်းဆုံး ကလေး (၁၄) ဦး သေဆုံး
အောက်တိုဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

 ကမ္ဘောဒီးယားနိုင်ငံတွင် ကျောင်းမှ အိမ်သို့ပြန်လာသည့် ကလေးများ လိုက်ပါလာပြီး ဝန်ပိုတင်ဆောင်ထားသော ကူးတို့စက်လှေတစ်စီး မဲခေါင်မြစ်အတွင်း နစ်မြုပ်ခဲ့ရာ အနည်းဆုံး ကလေး (၁၄) ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာလ (၁၄) ရက်တွင် ပြောသည်။ 

အောက်တိုဘာလ (၁၃) ရက်နေ့က ဖနွမ်းပင်မြို့တော်၏ အရှေ့တောင်ဘက် (၃၃) မိုင်အကွာရှိ Kandal ပြည်နယ်တွင် စက်လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များက အခြား ကျောင်းသားတစ်ဦးကို ရှာဖွေနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ Chhoeun Sochet က Reuters သတင်းဌာနကို ပြောသည်။

စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သည့် ကျောင်းသူကျောင်းသားများမှာ အသက် (၁၁) မှ (၁၄) နှစ်အရွယ်များဖြစ်ကြောင်း ၎င်းကဆိုသည်။ 

စက်လှေနစ်မြုပ်ရခြင်းမှာ ပိုင်ရှင်က ဝန်ပိုတင်ဆောင်ခြင်း၊ ဂရုစိုက်မှု မရှိခြင်းနှင့် အသက်ကယ်အင်္ကျီများ မရှိခြင်းတို့ကြောင့် ကလေးများ အသက်ဆုံးရှုံးခဲ့သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဆိုရှယ်မီဒီယာပို့စ်တွင် ပြောထားသည်။ 

စက်လှေနစ်မြုပ်မှုတွင် ကလေး (၂) ဦးနှင့် စက်လှေသမား လူကြီး (၂) ဦးသာ အသက်ရှင်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဝမ်းနည်းကြောင်း ဆိုရှယ်မီဒီယာတွေ ပြောခဲ့ပြီး သေဆုံးသူတို့၏ မိသားစုများကို ကူညီပေးရန် အာဏာပိုင်များကို ညွှန်ကြားခဲ့သည်။ 

"ပြည်သူတွေ အထူးသဖြင့် မြစ်ကြောင်းတစ်လျှောက်မှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီးရေလျှံမှု တိုးမြင့်နေတဲ့ အခြေအနေမှာ အထူးဂရုစိုက်သင့်ပါတယ်" ဟု ဟွန်ဆန်က လက်ရှိ မုတ်သုန်ရာသီကို ရည်ညွှန်းလျက် ပြောခဲ့သည်။ 

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံကို ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်အနီး ကမ္ဘောဒီးယားနိုင်ငံသား သန်းနှင့်ချီ နေထိုင်ကြပြီး အလုပ်လုပ်ကိုင်ကြကြောင်း သိရသည်။

Source: Reuters 

Photo: Xinhua, AP, Heng Sinith/AP, Kandal Provincial Police,