ဂျပန်နိုင်ငံကို ရက်သတ္တပတ်ကုန်က တိုင်ဖွန်းမုန်တိုင်း Nanmadol ဝင်ရောက်တိုက်ခတ်ခဲ့မှုအတွင်း လူ (၄) ဦး သေဆုံးနိုင်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက စက်တင်ဘာလ (၂၀) ရက်နေ့တွင် ပြောသည်။
တိုင်ဖွန်း Nanmadol က ဂျပန်အနောက်တောင်ပိုင်း Kagoshima မြို့ကို စက်တင်ဘာလ (၁၈) ရက်နေ့ ညပိုင်းက ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ရာ Kyushu ကျွန်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။
ထိုမုန်တိုင်းက အနောက်ဘက်ကမ်းရိုးတန်တစ်လျှောက် ရွေ့လျားသွားခဲ့သည်ဟု ဆိုသည်။
စက်တင်ဘာလ (၂၀) ရက် နံနက်ပိုင်းတွင် Nanmadol ကို အပူပိုင်မုန်တိုင်းထက်သာလွန်သည့် မုန်တိုင်းအဖြစ် အဆင့်လျှော့ချသတ်မှတ်ခဲ့ပြီး ဂျပန်အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းကိုဖြတ်ပြီး ပင်လယ်ပြင်သို့ ဦးတည်သွားခဲ့ကြောင်း သိရသည်။
မုန်တိုင်းကြောင့် သစ်ပင်များလဲပြိုခြင်း၊ ပြတင်းပေါက်မှန်များကွဲခြင်းနှင့် Miyazaki စီရင်စု၏ နေရာဒေသများတွင် (၂၄) နာရီအတွင်း တစ်လစာနှင့်ညီမျှသော မိုးရေချိန် ရွာသွန်းမှုတို့ ဖြစ်ပေါ်ခဲ့သည်။
Miyazaki စီရင်စုတွင် မုန်တိုင်းကြောင့် လူ (၂) ဦး သေဆုံးကြောင်း အတည်ပြုထားပြီး အာဏာပိုင်များက နောက်ထပ် ပျောက်ဆုံးနေသူတစ်ဦးကို ရှာဖွေနေကြောင်းလည်း ဂျပန်အစိုးရပြောခွင့်ရပုဂ္ဂိုလ် Hirozaku Matsuno က ပြောသည်။
ဂျပန်တွင် မုန်တိုင်းတိုက်ခတ်မှုအတွင်း ဒဏ်ရာရသူ အနည်းဆုံး (၁၁၄) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၁၄) ဦးမှာ ဒဏ်ရာြပင်းထန်ကြောင်း သိရသည်။
စက်တင်ဘာလ (၂၀) ရက်နေ့၏ အစောပိုင်းအထိ Kyushu ကျွန်းတွင် အများစု အပါအဝင် ဂျပန်နိုင်ငံတဝန်း နေအိမ် (၁၄၀,၀၀၀) ခန့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေခဲ့ပြီး Kyushu ကျွန်း တောင်ဘက်ရှိ Tanegashima ကျွန်းတွင် Japan Aerospace Exploration Agency ၏ အာကာသစင်တာတွင် နံရံပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း စီးပွားရေးနှင့်စက်မှုဝန်ကြီးဌာနက ပြောသည်။
မုန်တိုင်းအန္တရာယ်ကြောင့် ဂျပန်နိုင်ငံတွင် ရပ်ဆိုင်းထားခဲ့သည့် ကျည်ဆန်ရထားများနှင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအများစု စက်တင်ဘာလ (၂၀) ရက်နေ့က ပြန်လည်စတင်ခဲ့သော်လည်း ဂျပန်အရှေ့မြောက်ပိုင်းတွင် ဒါဇင်နှင့်ချီသည့် လေကြောင်းခရီးစဥ်များကို ဖျက်သိမ်းထားကြောင်း သိရသည်။
လက်ရှိတွင် ဂျပန်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းရာသီဖြစ်ပြီး တစ်နှစ်လျှင် မုန်တိုင်းတိုက်ခတ်မှု အကြိမ် (၂၀) ခန့် ကြုံရလေ့ရှိပြီး မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်စေသည့် မိုးသည်းထန်စွာရွာသွန်းမှုများ ပုံမှန်ကြုံရလေ့ရှိသည်။
ယခု Nanmadol မှာ ယခုနှစ် တိုင်ဖွန်းရာသီတွင် ဂျပန်နိုင်ငံအတွက် (၁၄) ခုမြောက် မုန်တိုင်းလည်း ဖြစ်သည်။ ရာ
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုက မုန်တိုင်းများကို ပိုမိုအားကောင်းစေပြီး အပူလှိုင်းများ၊ မိုးခေါင်မှုများနှင့် ရုတ်တရက် ရေကြီးမှုများကဲ့သို့ ဆိုးရွားပြင်းထန်သည့် မိုးလေဝသအခြေအနေကို ပို၍မကြာခဏနှင့် ပို၍ပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။
Source: CNA
Photos: Kyodo News, AP, REUTERS, GETTY IMAGES,