ထိုင်ဝမ်တွင် ဇနီးဖြစ်သူ ဖောက်ပြန်နေသည်ကို အမိဖမ်းရန် ၎င်းတို့၏ နေအိမ်အတွင်း လျှို့ဝှက်ကင်မရာများ တပ်ဆင်ခဲ့သည့် အမျိုးသားတစ်ဦး ထောင်ဒဏ်ချမှတ်ခံရသည့် ထူးထူးခြားခြား ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
နေအိမ်အတွင်း လျှို့ဝှက်ကင်မရာများ တပ်ဆင်ပြီး ဇနီးသည်၏ အတွင်းရေးကို ထိပါးမှုဖြင့် ထိုင်ဝမ် တရားရုံး တစ်ရုံးက မျိုးရိုးအမည် Fan ဟု သိရသော အမျိုးသားကို ထောင်ဒဏ် (၃) လ ချမှတ်လိုက်ခြင်း ဖြစ်သည်။
ထိုစုံတွဲက အိမ်ထောင်သက် အတော်ကြာပြီဖြစ်ပြီး ဇနီးသည် ဖောက်ပြန်နေကြောင်း Fan က သံသယ စရှိခဲ့ချိန် ၂၀၂၂ ခုနှစ်တွင် ကလေးငယ် (၂) ဦးရှိခဲ့သည်။
၎င်းက မိသားစုနေအိမ် ဧည့်ခန်းရှိ စန္ဒယားအောက်တွင် ကင်မရာတစ်လုံး တပ်ဆင်ခဲ့ပြီး နောက်တစ်လုံးကို အိပ်ခန်းထဲရှိ ကွန်ပျူတာဘေးတွင် တပ်ဆင်ထားခဲ့သည်။
ထို့နောက် သီတင်း (၂) ပတ်ခန်အကြာတွင် Fan ၏ ဇနီးက အမျိုးသားတစ်ဦးနှင့် မိသားစုနေအိမ်၌ ဖောက်ပြန်နေသည်ကို လျှို့ဝှက်ကင်မရာများက ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့သည်။
နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူ Fan က လင်မယားကွာရှင်းရန်အတွက် ထိုဗီဒီယိုမှတ်တမ်းကို သက်သေအဖြစ် အသုံးပြုပြီး ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဇနီးနှင့် သူမ၏ ရှေ့နေတို့ကို ချိန်းဆိုကာ ကွာရှင်းရန် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှု မရ၍ Fan က တရားရုံးတွင် ဇနီးဖြစ်သူကို တရားစွဲခဲ့သည်။
သို့သော် Fan ၏ ဇနီး၏ ဖြစ်သူက ရဲစခန်းကိုသွားပြီး သူမ၏ ခင်ပွန်းသည် လျှို့ဝှက်ကင်မရာများ တပ်ဆင်ပြီး သူမ၏ အတွင်းရေးကို ထိပါးကြောင်း တိုင်ချက်ဖွင့်ကာ Fan ကို တရားပြန်စွဲခဲ့သည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုအမှုကို ကြားနာစစ်ဆေးနေသည့် Taoyuan တရားရုံးက Fan ကို အခြား လူများ၏ ကိုယ်ရေးကိုယ်တာ လှုပ်ရှားမှုများကို ၎င်းတို့၏ ခွင့်ပြုချက်မရှိဘဲနှင့် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လျှို့ဝှက်ဗီဒီယို ရိုက်ကူးမှုဖြင့် ထောင်ဒဏ် (၃) လ ချမှတ်လိုက်သည်။
ထိုင်ဝမ်အမျိုးသားက တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သော်လည်း Taoyuan အထက်တရားရုံးက အယူခံကို ပယ်ချလိုက်ပြီး မူလပြစ်ဒဏ်ကို အတည်ပြုခဲ့ရာ ဇနီးသည် နေအိမ်တွင် ဖောက်ပြန်နေမှုကို အမိဖမ်းခဲ့သူ Fan မှာ ၎င်း၏ CCTV မှတ်တမ်းမှာ အသုံးမဝင်တော့ဘဲ ယခုအခါ ထောင်ဒဏ် (၃) လ ကျခံနေရကြောင်း သိရသည်။
Source: OddityCentral