မြန်မာနိုင်ငံသို့ နောက်ထပ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရပါက အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဆွေးနွေးမည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပြောဆို

မြန်မာနိုင်ငံသို့ နောက်ထပ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရပါက အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဆွေးနွေးမည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပြောဆို
ဇူလိုင် 21, 2022 | နိုင်ငံတကာသတင်း
By Mr John

 မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက မြန်မာနိုင်ငံသို့ တတိယအကြိမ် တရားဝင် ခရီးစဥ်သွားရောက်ရန် စီစဥ်နေပြီး အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရပါက အကြမ်းဖက်မှုများ အဆုံးသတ်ရန် သူမ၏ ဩဇာလွှမ်းမိုးမှုကို အသုံးပြုလိုကြောင်း ဇူလိုင်လ (၂၀) ရက်နေ့တွင် ထုတ်ဖော်ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပရက်ဆော့ခွန်းက မြန်မာနိုင်ငံသို့ လာမည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း သွားရောက်ရန် မျှော်လင့်ထားကြောင်း နှင့် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် စက်တင်ဘာလ (၁၃) ရက်မှ (၂၇) ရက်အထိ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်မီ သွားရောက်နိုင်ရန် ခန့်မှန်းထားကြောင်း  CNA သတင်းဌာနကို ပြောခဲ့သည်။

အကယ်၍ စက်တင်ဘာလတွင် မဟုတ်ပါက ပရက်ဆော့ခွန်းက နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ရန်ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ အောက်တိုဘာလ အစောပိုင်း၌ မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု ဆိုသည်။ 

ကမ္ဘောဒီးယားက ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားသည်။ 

ပရက်ဆော့ခွန်း၏ ယခင် မြန်မာခရီးစဥ် နှစ်ကြိမ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် စစ်အုပ်စုက ငြင်းပယ်ခဲ့သည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်တွင်မထားဘဲ မူလထားရှိရာ နေအိမ်တွင် ပြန်ရွှေ့ပြောင်းထားရန် ပရက်ဆော့ခွန်း၏ တောင်းဆိုမှုကိုလည်း စစ်အုပ်စုက လစ်လျူရှုခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို မူလက တည်နေရာလျှို့ဝှက်ထားသော နေအိမ်တွင်ထားရှိခဲ့ရာမှ ဇွန်လ (၂၂) ရက်တွင် နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်တည်ဆောက်ထားသော အဆောင်တစ်ခုသို့ ရွှေ့ပြောင်းထိန်းသိမ်းခဲ့သည်။

"ကျွန်တော်တို့ မေးသွားမယ့် ဒါမှမဟုတ် သူမနဲ့ ဆွေးနွေးသွားမယ့် အရေးအကြီးဆုံး အကြောင်းအရာတွေက မြန်မာရဲ့အနာဂတ်အပေါ် သူမရဲ့အမြင် ဖြစ်ပါတယ်။ အကျပ်အတည်းကနေထွက်ဖို့ နည်းလမ်းကို သူမ ဘယ်လိုမြင်လဲ၊ သူမရဲ့ နိုင်ငံရေးဩဇာက နိုင်ငံရေးဖြစ်စဥ်၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကိုဦးတည်တဲ့  နိုင်ငံရေးဆွေးနွေးမှုအပေါ် ဘယ်လိုလွှမ်းမိုးမှုရှိနိုင်မလဲဆိုတာတွေပါ" ဟု ပရက်ဆော့ခွန်းက CNA နှင့် တွေ့ဆုံစဥ် ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံက အာဏာသိမ်း စစ်ကောင်စီနှင့် အကျိုးတူ ပူးပေါင်းပြီး ၎င်းတို့၏ စိုက်ပျိုးရေးထုတ်ကုန်များကို မြန်မာသို့ တင်ပို့ရောင်းချခွင့်ရရှိရန် ဇူလိုင်လ(၁၄)ရက်နေ့က စစ်အုပ်စုလက်အောက်ခံ မြန်မာသံအမတ် ဦးသစ်လင်းအုန်းနှင့် သိရီလင်္ကာနိုင်ငံ၏ စီးပွားကူးသန်းဝန်ကြီးတို့ ဆွေးနွေးခဲ့ကြသေးသည်ဟု သိရသည်။ 

Source: CNA