ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခွန်ကဲန်ပြည်နယ်တွင် အသက် (၁၂) နှစ်အရွယ် ကျောင်းသူထံမှ ငွေပေး၍ ကာမ ရယူမှုဖြင့် မူလတန်းကျောင်း ဒါရိုက်တာတစ်ဦးနှင့် အငြိမ်းစား ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးလိုက်သည်။
အသက်မပြည့်သေးသည့် ကျောင်းသူထံမှ နောက်ထပ် ကာမ ရယူသူ (၃) ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း သိရသည်။
သံသယရှိသူ (၅) ဦးကို ကလေးသူငယ် လိင်အလွဲသုံးစားမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ဌာနခွဲ Anti-Trafficking in Persons Division (ATPD) ၏ ရဲမှူး ရဲဗိုလ်ချုပ် Sarut Khwaengsopha က ၂၀၂၄ ခုနှစ် မေလ (၁၇) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
၂၀၂၄ ခုနှစ် မေလ (၁၆) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်းရေးအတွင်း လိင်ကုန်ကူးမှုအတွက် ဖြားယောင်းခံခဲ့ရသော အသက် (၁၂) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် (၁၇) နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေး (၂) ဦးကိုလည်း ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့သည်။
အသက် (၁၂) နှစ်အရွယ် မိန်းကလေးငယ်၏ မိဘများက Pavena Foundation for Children and Women အဖွဲ့အစည်းထံမှ အကူအညီ တောင်းခံခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ယခုလို ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ATPO မှ ရဲအရာရှိ ရဲဗိုလ်မှူးကြီး Sarawut Chantawong က ပြောသည်။
အသက် (၁၂) နှစ်အရွယ် မိန်းကလေးငယ်ထံမှ ကာမ ရယူရန် ဘတ် (၁,၂၀၀) ဈေးသတ်မှတ်ထားပြီး တစ်ကြိမ်စီတွင် ချိတ်ဆက်ပေးသူ အမျိုးသမီးက ဘတ် (၄၀၀) နုတ်ယူထားကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ကယ်တင်ခဲ့သည့် မိန်းကလေး (၃) ဦးကို ယခုအခါ Ban Kret Trakan လူမှုဖူလုံးရေးဂေဟာတွင် စောင့်ရှောက်ထားကြောင်း Pavena Foundation for Children and Women ၏ ဥက္ကဌ Pavena Hongsakula က ပြောသည်။
ထိုအဖွဲ့အစည်းက မိန်းကလေးငယ်များ ဆက်လက် ပညာသင်ကြားနိုင်ရန် ပညာရေးအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
Source: Bangkok Post