ထိုင်းနိုင်ငံတွင် ရခိုင်ပြည်နယ်က လာသည့်  ရိုဟင်ဂျာ (၄၈) ဦးကို အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီး

ထိုင်းနိုင်ငံတွင် ရခိုင်ပြည်နယ်က လာသည့်  ရိုဟင်ဂျာ (၄၈) ဦးကို အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီး
ဒီဇင်ဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံ ရတ်ချာဘူရီပြည်နယ် Pak Tho ခရိုင်အတွင်း စင်းလုံးငှား ဘတ်စ်ကားတစ်စီးဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်မ် ရွှေ့ပြောင်းနေထိုင်သူ (၄၈) ဦးကို အမြန်လမ်းရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၇) ရက် နံနက်အစောပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

တရားမဝင် ရွှေ့ပြောင်းလုပ်သား အများအပြားကို သယ်ယူပို့ဆောင်နေကြောင်း သတင်းအရ စစ်ဆေးဆောင်ရွက်မှုအတွင်း ရဲအရာရှိများက Phetkasem အမြန်လမ်းပေါ်တွင် ဘတ်စ်ကားကို ရပ်တန့်ရှာဖွေခဲ့ကြကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ဌာနခွဲ (၂) မှ ရဲဗိုလ်မှူးကြီး Vachira Yaothaisong က ပြောသည်။

ထိုဘတ်စ်ကားပေါ်တွင် အမျိုးသား (၃၀) ဦးနှင့် အမျိုးသမီး (၁၈) ဦး ပါဝင်သော ရိုဟင်ဂျာ (၄၈) ဦးကို တွေ့ရှိရပြီး ၎င်းတို့အနက် (၅) ဦးမှာ အသက် (၁၃) နှစ်အောက်များ ဖြစ်သည်။ 

ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုအရ ၎င်းတို့မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါ ရိုဟင်ဂျာများမှာ တောလမ်းခရီးကို ခြေလျင်ဖြတ်သန်းပြီး ထိုင်းနိုင်ငံ Tak ပြည်နယ် မဲဆောက်ခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့အုပ်စုက မဲဆောက်တွင် ထိုင်းလူမျိုး ပွဲစားများနှင့် တွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။ 

တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် ရိုဟင်ဂျာများကို ထိုင်းနိုင်ငံ တောင်ပိုင်းသို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဆက်လက်သွားရောက်ရန် စီစဥ်ထားခြင်းဖြစ်သည်။ 

၎င်းတို့အနက် အချို့မှာ မလေးရှားတွင် ပညာသင်ကြားရန်နှင့် အခြားသူများမှာ ငါးဖမ်းစက်လှေ သို့မဟုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်ရှာရန်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခဲ့သည့် ရိုဟင်ဂျာများကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် စွဲချက်တင်ထားပြီး တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဥ်များအတွက် Pak Tho ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းခဲ့သည်။ 

ထိုင်းအမျိုးသား (၂) ဦးဖြစ်သည့် အသက် (၂၈) နှစ်အရွယ် Somsak Damnoen နှင့် အသက် (၆၂) နှစ်အရွယ် Pongpak Ruamprom နှင့် အသက် (၅၂) နှစ်အရွယ် ထိုင်းအမျိုးသမီး Montha Khotpong တို့ကိုလည်း ဖမ်းဆီးခဲ့သည်။ 

၎င်းတို့ (၃) ဦးက ရိုဟင်ဂျာများနှင့်အတူ ထိုင်းတောင်ပိုင်းသို့ လမ်းညွှန်များအဖြစ် လိုက်ပါလာခဲ့ကြကြောင်း သိရသည်။

ရိုဟင်ဂျာများကို Suphan Buri ပြည်နယ် Muang ခရိုင်မှ မလေးရှားနိုင်ငံနှင့် နယ်စပ်အနီး Songkhla ပြည်နယ် Hat Yai မြို့သို့ ဘတ်စ်ကားဖြင့် ပို့ဆောင်ပေးရန် ဘတ်ငွေ (၃,၀၀၀) ဖြင့် ၎င်းတို့ကို ငှားရမ်းခဲ့သည်ဟု ထိုင်းလူမျိုး (၃) ဦးက ထွက်ဆိုကြသည်။ 

အဆိုပါ ထိုင်းလူမျိုး (၃) ဦးကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားများကို ကူညီမှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

Source: Bangkok Post

Photo: ToKo