ဥရောပတွင် အပူလှိုင်းဖြတ်ပြီး ပေါ်တူဂီ၊ စပိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် တောမီးလောင်မှုများ ဖြစ်ပွား

ဥရောပတွင် အပူလှိုင်းဖြတ်ပြီး ပေါ်တူဂီ၊ စပိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် တောမီးလောင်မှုများ ဖြစ်ပွား
ဇူလိုင် 14, 2022 | နိုင်ငံတကာသတင်း
By Mr John

ဥရောပဒေသတွင်း ပေါ်တူဂီ၊ စပိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် အပူလှိုင်းကြောင့် အလွန်ပူပြင်းနေပြီး ယခုသီတင်းပတ်အတွင်း တောမီးလောင်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

 ဇူလိုင်လ (၁၃) ရက်နေ့က ပေါ်တူဂီနိုင်ငံတစ်ဝန်း တောမီးလောင်မှု (၂၀) ကျော် ဖြစ်ပွားနေခဲ့ပြီး စပိန်နိုင်ငံအနောက်ပိုင်း၌လည်း တောမီးများလောင်နေသည်ဟု ဆိုသည်။ 

ထို့အတူ ပြင်သစ်နိုင်ငံတွင်လည်း အနောက်တောင်ပိုင်းတွင် တောမီးလောင်မှု (၂) ခု ဖြစ်ပွားနေရာ မီးသတ်သမား (၈၀၀) ခန့်နှင့် မီးသတ်လေယာဥ် (၆) စီးဖြင့် ငြှိမ်းသတ်နေရပြီး အားလပ်ရက် စခန်းချခရီးထွက်သူ ထောင်နှင့်ချီ ရွှေ့ပြောင်းခဲ့ကြရသည်။

ပေါ်တူဂီတောင်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသွား လာရောက်မှုများပြားသော Algarve နယ်မြေတွင် အာဏာပိုင်တွေက Quinta do Lago အပန်းဖြေစခန်းနှင့် ဂေါက်ကွင်းသို့ သွားရောက်ခွင့်ပိတ်ထားသည်။ 

ထိုနေရာနှင့်ကပ်လျက် နယ်မြေအတွင်း တောမီးလောင်မှုကြောင့် မီးခိုးများထူထပ်စွာ ထွက်ပေါ်နေခဲ့သည်။ 

 

ပေါ်တူဂီမြို့တော် လစ္စဘွန်းမြို့မြောက်ဘက်ရှိ အလယ်ပိုင်းခရိုင် Leiria တွင် အပူချိန်များ (၄၅) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီး အာဏာပိုင်တွေက အဓိက အ‌မြန်လမ်းမကြီးတစ်ခုကို ပိတ်ထားသည်။

မီးတောက်များနှင့် ထူထပ်သည့်မီးခိုးများကို အမြန်လမ်းမ၏ နှစ်ဘက်လုံးတွင် မြင်တွေ့နေရပြီး ရဟတ်ယာဥ်နှင့် လေယာဥ်တို့ဖြင့် ရေများကြဲချနေခဲ့သည်။ 

မရွှေ့ပြောင်းသေးသည့် ရွာသားများက ၎င်းတို့၏ အိမ်အမိုးများပေါ်ကို ရေလောင်းနေခဲ့ကြသည်။ 

ထိုနယ်မြေအတွင်း တောမီးလောင်မှုများကို ပေါ်တူဂီတစ်ခုလုံးရှိ မီးသတ်သမား (၂,၁၂၄) ဦးအနက် (၈၀၀) ခန့်က ရဟတ်ယာဥ်နှင့် လေယာဥ် (၂၈) စီး အကူအညီဖြင့် ငြှိမ်းသတ်နေကြသည်။

ပေါ်တူဂီတွင် နိုင်ငံအလယ်ပိုင်းရှိ Santarem နှင့် Leiria ခရိုင်တို့တွင် အပူချိန်များ (၄၅) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့မှုနှင့်အတူ နေရာဒေသ အားလုံးနီးပါးကို အလွန်အမင်း ပူပြင်းသည့်အခြေအနေများအတွက် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားကြောင်း IPMA မိုးလေဝသအဖွဲ့အစည်းက‌ ပြောသည်။ 

ပေါ်တူဂီနိုင်ငံ၏ အမြင့်ဆုံးအပူချိန် စံချိန်တင်ထားမှုမှာ ၂၀၀၃ ခုနှစ်အတွင်း (၄၇.၃) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့စဥ်က ဖြစ်သည်။

ပြင်သစ်နိုင်ငံတွင်လည်း အပူချိန်များမြင့်တက်ပြီး Gironde နယ်မြေအတွင်း ယခုအချိန်အထိ ဟက်တာ ၂,၇၀၀ ကျော်တွင် တောမီးလောင်ကျွမ်းသွားခဲ့ကြောင်း နယ်မြေအုပ်ချုပ်ရေးမှူး Buccio က BFM TV ကို ပြောခဲ့သည်။ 

အကြီးဆုံး တောမီးလောင်မှု (၂) ခုမှာ ဘော်ဒိုးမြို့၏တောင်ဘက် Landiras မြို့ပတ်လည်တွင်ဖြစ်ကြောင်းနှင့် ထိုနေရာတွင် လမ်းများပိတ်ထားပြီး ဒေသခံ ၅၀၀ ကို ရွှေ့ပြောင်းခဲ့ရသည်။

ပေါ်တူဂီနိုင်ငံနှင့် နယ်စပ်ရှိ စပိန်နိုင်ငံ၏ အနောက်ပိုင်းနယ်မြေဖြစ်သည့် Extremadura နယ်မြေတွင် မီးသတ်သမားများက ရာနှင့်ချီသည့် ရွာသားများကို ကြိုတင်ကာကွယ်မှုအဖြစ် ရွှေ့ပြောင်းပေးခဲ့ပြီး တောမီးလောင်မှုများကို ငြှိမ်းသတ်နေကြောင်း သိရသည်။ 

စပိန်နိုင်ငံတွင် Extremadura ၊ Andalusia နှင့် Galicia နယ်မြေများတွင် အလွန်အမင်းပူပြင်းမှုကြောင့် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားကြောင်း စပိန်မိုးလေဝသဌာန AEMET က ပြောသည်။ 

AEMET ၏ အဆိုအရ အပူချိန်များ မြင့်တက်မှုမှာ ယခင် ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း စပိန်တစ်နိုင်ငံလုံးတွင် အမြင့်ဆုံး စံချိန်တင်ထားခဲ့သည့် (၄၇.၄) ဒီဂရီဆဲလ်စီးယပ်နှင့် မက်ဒရစ်မြိုတော်တွင် (၄၀.၇) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်နိုင်ကြောင်းလည်း သိရသည်။

ဥရောပ၏ နေရာအများအပြားတွင် အပူလှိုင်းများ ပျံ့နှံ့ဖြစ်ပေါ်နေပြီး ပြင်းထန်လာကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း World Meteorological Organisation က ဇူလိုင်လ၁၂) ရက်နေ့၌ သတိပေးခဲ့သည်။ 

လူသားများကြောင့် ဖြစ်လာသည့် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်မှုများ၊ ပြင်းထန်သည့် တောမီးလောင်မှုများ လာမည့် (၂၈) နှစ်အတွင်း (၃၀) ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ကုလသမဂ္ဂက ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုက ဖော်ပြသည်။

Source: Reuters

Photo:  REUTERS/Rodrigo Antunes