ထိုင်းနိုင်ငံက အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခြင်းအပါအဝင် နိုင်ငံအတွင်း Quarantine မလိုဘဲ သွားလာခွင့်ကို လာမည့်နှစ် ဇန်နဝါရီလမှစ၍ ခွင့်ပြုနိုင်ဖွယ်ရှိသည်ဟု အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မျှော်မှန်းထားသော်လည်း နိုင်ငံအတွင်း COVID 19 ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်မှုအပေါ်မူတည်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း COVID 19 ထိန်းချုပ်ရေးကန့်သတ်ချက်များအား အဆင့် (၄) ဆင့်ဖြင့် ဖြေလျှော့နိုင်ရန် စီစဉ်နေရာတွင် ပထမအဆင့်အဖြစ် ဖူးခက်ကို ကန့်သတ်ဖွင့်လှစ်ခြင်းကို လုပ်ဆောင်ခဲ့ပြီးနောက် ဒုတိယအဆင့်ဖြစ်သည့် အောက်တိုဘာလတွင် ဘန်ကောက်ကို ဖြေလျော့ပေးမည့်အစီအစဉ်မှာ ကာကွယ်ဆေးထိုးနှံမှု မလွှမ်းခြုံနိုင်သေး၍ နိုဝင်ဘာသို့ ရွှေ့ပြောင်းလိုက်ရကြောင်း သိရသည်။
အလားတူ ချင်းမိုင်၊ ဟွမ်ဟင်းနှင့် ချောင်ဘူရီ (ပတ္တယား)ဒေသများကို အောက်တိုဘာလ (၁) ရက်နေ့တွင် ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီး ဖချဘူရီကိုလည်း လိုအပ်သည်များ ယခုလအတွင်း အလျင်အမြန် ပြင်ဆင်မည်ဟု အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးက ဆိုသည်။
ယင်းအပြင် တတိယအဆင့်တွင် ဖွင့်လှစ်ရန်စီစဉ်ထားသည့် ဒေသအရေအတွက်ကိုလည်း ထပ်တိုးရန် ခရီးသွားဝန်ကြီးက ညှိနှိုင်းသဘောတူထားရာ အောက်တိုဘာ (၁၅) ရက်မှစ၍ ဖူးခက်၊ စမွေ၊ ချင်းမိုင်၊ ချောင်ဘူရီ၊ ပရတ်ချတ်ခရခန်၊ ဖချဘူရီနှင့် ဘန်ကောက်တို့တွင် တစ်ပတ်တာနေထိုင်ပြီးပါက ခရိုင် (၂၅) သို့ သွားလာခွင့်ရမည့် ခရီးသွားအစီအစဉ်ကို လျာထားဆောင်ရွက်နေသည်ဟု ဆိုထားသည်။
ထိုင်းအစိုးရက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနိုင်ငံများနှင့် နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် လျာထားသည်ဟု သိရသည်။
အဆိုပါလျာထားသည့်ဒေသများတွင် အနည်းဆုံး လူဦးရေ၏ (၇၀) ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးပြီးမှသာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Source: Bangkok Post