ယန်ဇီမြစ်၏ မြစ်ညာပိုင်းတွင် တည်ဆောက်နေသည့် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံစီမံကိန်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်၌ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း တရုတ်အစိုးရသတင်းဌာန CCTV က ဖော်ပြသည်။
တရုတ်နိုင်ငံနှင့် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စက်ရုံဖြစ်သည့်အဆိုပါစက်ရုံတွင် တာဘိုင်စက် (၁၆) လုံး တပ်ဆင်ထားပြီး လျှပ်စစ်ဓာတ်အားပမာဏ (၁.၀) ဂီဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယန်ဇီမြစ်ပေါ်၌ပင် တည်ဆောက်ထားသည့် Three Gorges ရေအားလျှပ်စစ်စက်ရုံမှာတရုတ်နိုင်ငံနှင့် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံတစ်ခုဖြစ်ပြီး လက်ရှိတွင်အသစ်တည်ဆောက်ပြီးစီးခဲ့သည့် Baihetan စက်ရုံမှာ ဒုတိယအကြီးဆုံးအဖြစ် တည်ဆောက်ထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ယန်ဇီမြစ်ကြောင်းတစ်လျှောက်တွင် ယခုတည်ဆောက်ပြီးသည့် Baihetan အပါအဝင်
အကြီးစား ရေအားလျှပ်စစ်ဓာတ်စက်ရုံ (၆) ခုတည်ဆောက်ထားပြီး အမြင့် (၉၄၈.၁၆) ပေရှိ Baihetanရေကာတာနှင့် ၎င်း၏ဆက်စပ် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများမှာ နိုင်ငံ၏ အကြီးဆုံး ရေကာတာများနှင့် အခက်ခဲဆုံး အင်ဂျင်နီယာစီမံကိန်းများအနက်တစ်ခုအပါအဝင်ဖြစ်ကြောင်း ရေကာတာတည်ဆောက်ခဲ့သည့် Three Gorges Corporation က ဆိုသည်။
Baihetan ရေကာတာနှင့် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံ ခန့်မှန်းတန်ဖိုးမှာ တရုတ်ယွမ်ငွေ (၁၇၀) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄.၃၈ ဘီလီယံ) ဖြစ်ကြောင်း သိရသည်။
တရုတ်၏ အနောက်-အရှေ့ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု အစီအစဥ်၏ အဓိက စီမံကိန်းတစ်ခုအဖြစ် Baihetan စက်ရုံမှ နိုင်ငံအရှေ့ပိုင်းရှိ မြို့များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။
ယခုနှစ် နွေရာသီတွင် ကာလရှည်ကြာ မိုးခေါင်မှုကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့ကျခဲ့ပြီး နယ်မြေများအလိုက် အလှည့်ကျ ဓာတ်အားပေးစနစ် ကျင့်သုံးခဲ့ရသော်လည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေးစီမံကိန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
Source: Reuters
တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီးစီး
Featured News
နိုဝင်ဘာ 14, 2024
နိုဝင်ဘာ 13, 2024
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024