ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှုကြောင့် လူ (၄၁) ဦး သေဆုံးမှု တူရကီနိုင်ငံတွင် ဖြစ်ပွား

ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှုကြောင့် လူ (၄၁) ဦး သေဆုံးမှု တူရကီနိုင်ငံတွင် ဖြစ်ပွား
အောက်တိုဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

 တူရကီနိုင်ငံ မြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လူ (၄၁) ဦး သေဆုံးပြီး အများအပြား ပိတ်မိနေကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးမိုင်းတွင်းမှ လူ (၅၈) ဦးကို ကယ်ထုတ်ခဲ့ကြောင်းနှင့် အခြား လူတစ်ဒါဇင်ကျော် ပိတ်မိနေခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Suleyman Soylu က အစောပိုင်းတွင် ပြောထားခဲ့သည်။

အောက်တိုဘာလ (၁၄) ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့စဥ် မိုင်းတွင်း၌ လူ (၁၁၀) ခန့်ရှိနေခဲ့ပြီး ၎င်းတို့အနက် ထက်ဝက်နီးပါးမှာ ပေ (၁,၀၀၀) နီးပါးနက်သည့် မြေအောက်နေရာတွင် ရောက်ရှိနေခဲ့ကြောင်း သိရသည်။ 

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ညလုံးပေါက် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြပြီး အသက်ရှင်ကျန်သူများထံ ရောက်ရှိနိုင်ရန် ကျောက်သားများကို တူးနေခဲ့ကြသည်။

ဗီဒီယိုမှတ်တမ်းများတွင် ပင်လယ်နက်ကမ်းရိုးတမ်းရှိ Amasra ကျောက်မီးသွေးမိုင်းတွင်းမှ မိုင်းတွင်းလုပ်သားများကို ကယ်ထုတ်လာသည်ကိုလည်း တွေ့ရသည်။ 

"ကျွန်တော်တို့ရဲ့ မိုင်းတွင်းလုပ်သား (၅၈) ဦး ထိခိုက်ဒဏ်ရာမရဘဲ ထွက်လာနိုင်ခဲ့ပါတယ်။ မိုင်းတွင်းလုပ်သား (၁၅) ဦး မြေအောက်မှာ ပိတ်မိနေတယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်။ သူတို့ကို ကယ်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်" ဟု တူရကီပြည်ထဲရေးဝန်ကြီး Suleyman Soylu မိုင်းတွင်းနေရာတွင် သတင်းထောက်များကို ပြောသည်။

ပေါက်ကွဲမှုမှာ မြေအောက် အနက်ပေ (၁,၀၀၀) နီးပါး နေရာတွင် ဖြစ်ပွားခဲ့သည့်ဟု ယူဆရကြောင်း နှင့် မိုင်းတွင်းပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးကြောင်းနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေသည်။



မိုင်းတွင်း၏ မြေအောက် အနက်ပေ (၉၈၅) မှ (၁,၁၅၀) ကြားရှိ အန္တရာယ်ဇုန်တွင် လူ (၄၉) ဦးခန့် အလုပ်လုပ်ကိုင်နေခဲ့ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။ 



ပေါက်ကွဲမှုမှာ မီသိန်းဓာတ်ငွေ့ကြောင့် ဖြစ်ပွားခဲ့ကြောင်း ကနဦး လက္ခဏများရှိခဲ့သည်ဟု တူရကီ စွမ်းအင်ဝန်ကြီးက ပြောသည်။ 

"ကျွန်တော်တို့ အမှန်တကယ် ဝမ်းနည်းစရာ အခြေအနေ ကြုံနေပါတယ်" ဟု ၎င်းကဆိုသည်။ 

 

မိုင်းတွင်း၏ အတွင်းပိုင်းတွင် တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ကြောင်းနှင့် မီးလောင်နေခြင်းမရှိဘဲ လေဝင်လေထွက်စနစ် ကောင်းမွန်စွာ အလုပ်လုပ်နေကြောင်းလည်း စွမ်းအင်ဝန်ကြီးက ပြောခဲ့သည်။ 

တူရကီသမ္မတ Recep Tayyip Erdogan က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မိုင်းတွင်းသို့ အောက်တိုဘာလ (၁၆) ရက်နေ့တွင် သွားရောက်မည်ဟု ခန့်မှန်းထားသည်။

Amasra မြို့တော်ဝန် Recai Cakir ၏ အဆိုအရ မိုင်းတွင်းပေါက်ကွဲမှုတွင် အသက်ရှင်ကျန်သူများမှာ ပြင်းထန်သည့် ဒဏ်ရာများရခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကျောက်မီးသွေးမိုင်းတွင်းကို Turkish Hard Coal Enterprises အစိုးရကုမ္ပဏီက ပိုင်ဆိုင်သည်။ 

တူရကီတွင် လူသေဆုံးမှုအများဆုံး ကျောက်မီးသွေးမိုင်းတွင်း မတော်တဆကို ၂၀၁၄ ခုနှစ်က ကြုံတွေ့ခဲ့ရပြီး နိုင်ငံအနောက်ပိုင်း Soma မြို့ရှိ မိုင်းတွင်း၌ ပေါက်ကွဲမှုကြောင့် လူ (၃၀၁) ဦး သေဆုံးခဲ့သည်။

Source: BBC, Reuters

Photo:  REUTERS/Cagla Gurdogan, Nilay Meryem Comlek/Depo, AP/Khalil Hamra