Netflix ၏ လူကြိုက်အများဆုံးနှင့် အကျော်ကြားဆုံး ကိုရီးယားဇာတ်လမ်းတွဲ Squid Game မှ ဂိမ်းကစားနည်းများကို Reality TV Show တွင် ပါဝင်ပြီး အမှန်တကယ် ယှဥ်ပြိုင်ကစားနိုင်မည်ဟု ဆိုသည်။
သို့သော် ဇာတ်လမ်းတွဲမှာကဲ့သို့ အနိုင်ရသူက အသက်ရှင်ပြီး ရှုံးနိမ့်သူက သေဆုံးသည့် ဂိမ်းပုံစံ မဟုတ်ပေ။
ထိုအစား ကမ္ဘာတဝန်းမှ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရသူများအနက် အနိုင်ရသူက အမေရိကန်ဒေါ်လာ (၄.၅၆) သန်း ဆုကြေးငွေရရှိမည်ဖြစ်ပြီး ရှုံးနိမ့်သူများက လက်ဗလာနှင့် အိမ်ပြန်ရမည် ဖြစ်သည်။
ယခုအခါ Netflix က ကမ္ဘာတဝန်းမှ ပါဝင်မည့်သူ (၄၅၆) ဦးကို ရွေးချယ်နေသည်ဟု ဆိုသည်။
Squid Game ဇာတ်လမ်းတွဲ ဒုတိယတွဲကိုလည်း ရိုက်ကူးထုတ်လွှင့်သွားမည်ဟု Netflix က ယခုသီတင်းပတ်အစောပိုင်းတွင် အတည်ပြုထားသည်။
Netflix က စီစဥ်နေသည့် Squid Game: The Challeng ဟု အမည်ပေးထားသည့် Reality TV Show မှာ အပိုင်း (၁၀) ပိုင်း ပါဝင်မည်ဖြစ်ပြီး ပါဝင်သူနှင့် တစ်ပေါင်းတည်းပေးသော ဆုကြေးငွေသား အများဆုံးအဖြစ် Reality TV Show သမိုင်းတွင် မှတ်တမ်းဝင်မည်ဟု သိရသည်။
Reality TV Show တွင် ပါဝင်ကစားသူများမှာ မူလ ဇာတ်လမ်းတွဲမှ ဂိမ်းကစားနည်းများကို ယှဥ်ပြိုင်ရမည်ဖြစ်ပြီး နောက်ထပ် အံ့အားသင့်စရာ ဂိမ်းကစားနည်းများလည်း ပါဝင်လာမည် ဖြစ်သည်။
ပါဝင်ကစားသူများ၏ ဗျူဟာများ၊ မဟာမိတ်ဖွဲ့မှုများနှင့် အရည်အချင်းများက ၎င်းတို့ပတ်လည်ရှိ ပြိုင်ဘက်များကို အနိုင်ယူရာတွင် အဆုံးအဖြတ်ဖြစ်မည်ဟု ဆိုသည်။
Netflix ၏ Squid Game: The Challeng တွင် ပါဝင်မည်သူများမှာ အနည်းဆုံး အသက် (၂၁) နှစ်ရှိရမည် ဖြစ်သည်။
၎င်းတို့မှာ အင်္ဂလိပ်စကားပြောနိုင်ပြီး ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ရိုက်ကူးရေးအတွက် ရက်သတ္တပတ် (၄) ပတ် အချိန်ပေးနိုင်သူ ဖြစ်ရမည်ဟု ဆိုသည်။
Squid Game ဇာတ်လမ်းတွဲမှာကဲ့သို့ပင် Reality TV Show တွင် ပါဝင်သူများကို နံပါတ်များ သတ်မှတ်ပေးထားမည် ဖြစ်သည်။
Squid Game ကိုရီးယားဇာတ်လမ်းတွဲမှာ စတင်ထုတ်လွှင့်ပြသပြီး (၂၈) ရက်အတွင်း ကြည့်ရှုသူ (၁၁၁) သန်းရှိခဲ့ရာ Netflix က ထုတ်လွှင့်ပြသခဲ့သမျှ ဇာတ်လမ်းတွဲများအနက် လူကြည့်အများဆုံးနှင့် အကျော်ကြားဆုံး ဇာတ်လမ်းတွဲအဖြစ် စံချိန်တင်ခဲ့သည်။
Source: BBC