နီပေါနိုင်ငံ ဟိမဝန္တာတောင်တန်းဒေသတွင် မေလ (၂၉) ရက်နေ့က ဖြစ်ပွားခဲ့သည့် လေယာဥ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူ (၂၂) ဦးလုံး၏ ရုပ်အလောင်းများကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပြန်လည်ရယူခဲ့ပြီဟု သိရသည်။
ထိုလေယာဥ်ပေါ်တွင် လူ (၂၂) ဦး လိုက်ပါသွားခဲ့ခြင်းဖြစ်ပြီး စစ်သားများနှင့် ကယ်ဆယ်ရေးသမားများက လူ (၂၁) ဦး၏ ရုပ်အလောင်းများကို မေလ (၃၀) ရက်နေ့တွင် ပြန်လည်ရယူခဲ့ပြီးဖြစ်ကာ နောက်ဆုံးကျန်ရှိနေသည့် ရုပ်အလောင်းကို မေလ (၃၁) ရက်တွင် ပြန်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ပျက်ကျခဲ့သည့်လေယာဥ်၏ အသံဖမ်းစက်ကိုလည်း ပြန်ရှာတွေ့ခဲ့ကြောင်း နီပေါအစိုးရတာဝန်ရှိသူတွေက ပြောသည်။
ထိုလေယာဥ်တွင် ပို၍ခေတ်မီသော လေယာဥ်များကဲ့သို့ ပျံသန်းမှုအချက်အလက် မှတ်တမ်းတင်ကိရိယာ မပါရှိဘဲ အသံဖမ်းစက်သာပါရှိကြောင်း နှင့် အဆိုပါ အသံဖမ်းစက်က မြေပြင်လေကြောင်းထိန်းချုပ်ရေးနှင့် လေယာဥ်မှူးတို့ကြား ဆက်သွယ်ပြောဆိုမှုနှင့် ပျံသန်းနေသည့် အခြားလေယာဥ်များနှင့် ဆက်သွယ်ပြောဆိုမှုတို့ကို အသံဖမ်းထားကြောင်း နီပေါနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ Civil Aviation Authority of Nepal (CAAN) ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
"လေယာဥ်ပျက်ကျခဲ့တဲ့နေရာမှာ အပျက်အစီးတွေကလွဲပြီး ဘာမှ မကျန်တော့ပါဘူး။ ရုပ်အလောင်းအားလုံးနဲ့ black box (အသံဖမ်းစက်) ကို ပြန်လည်ရယူပြီးပါပြီ" ဟု CAAN ပြောခွင့်ရပုဂ္ဂိုလ် Deo Chandra Lal Karna က Reuters သတင်းဌာနကို အတည်ပြုခဲ့သည်။
ပျက်ကျခဲ့သည့် လေယာဥ်မှာ နီပေါအခြေစိုက် Tara Air လေကြောင်းလိုင်းပိုင်ဖြစ်ပြီး ၁၉၇၉ ခုနှစ် ဧပြီလအတွင်းက ပထမဆုံးအကြိမ် ပျံသန်းခဲ့ကြောင်း လေယာဥ်ပျံသန်းမှုစောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 တွင် ဖော်ပြထားသည်။
ကနေဒါအခြေစိုက် လေယာဥ်ကုမ္ပဏီက ထုတ်လုပ်ထားသည့် De Havilland Canada DHC-6-300 Twin Otter အမျိုးအစား လေယာဥ်မှာ မေလ (၂၉) ရက် နံနက်ပိုင်းတွင် မိနစ် (၂၀) ကြာ ခရီးစဥ်အဖြစ် ပျံတက်သွားခဲ့ပြီးနောက် လေယာဥ်ဆင်းသက်ရန် (၅) မိနစ်အလိုတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
လေယာဥ်ပေါ်တွင် လေယာဥ်အမှုထမ်း (၃) ဦး အပါအဝင် အိန္ဒိယနိုင်ငံသား (၄) ဦး၊ ဂျာမန် (၂) ဦးနှင့် နီပေါနိုင်ငံသား (၁၆) ဦး လိုက်ပါသွားခဲ့ကြောင်း Tara Air လေကြောင်းလိုင်းက အတည်ပြုသည်။
လေယာဥ်မှာ နီပေါမြို့တော် ခတ္တမန္ဒူမြို့၏ အနောက်ဘက် မိုင် (၈၀) အကွာခန့်ရှိ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိရာ Pokhara မြို့မှ ပျံသန်းသွားခဲ့ခြင်း ဖြစ်သည်။
လေယာဥ်ပျက်ကျသည့်နေရာမှ ပြန်လည်ရယူခဲ့သည့် ရုပ်အလောင်းများအနက် (၁၀) လောင်းကို မေလ (၃၀) ရက်နှင့် ကျန်ရှိသည့် (၁၂) လောင်းကို မေလ (၃၁) ရက်တွင် ခတ္တမန္ဒူမြို့သို့ သယ်ဆောင်သွားခဲ့ကြောင်းနှင့် ခွဲစိတ်စစ်ဆေးပြီး အတည်ပြုပြီးပါက မိသားစုများထံ ပြန်လည်လွှဲပြောင်းပေးမည်ဟု CAAN ပြောခွင့်ရပုဂ္ဂိုလ် Karna က ပြောသည်။
လေယာဥ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် (၅) ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားကြောင်းနှင့် နောင်အနာဂတ်အတွက် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက်များ လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း နီပေါအာဏာပိုင်တွေက ဆိုသည်။
ကမ္ဘာ့အမြင့်ဆုံးတောင် (၁၄) ခုအနက် (၈) ခုရှိသည့် နီပေါနိုင်ငံတွင် လေယာဥ်မတော်တဆမှု မှတ်တမ်းများ ရှိထားသည်။
နီပေါ၏ ရာသီဥတုမှာ ရုတ်တရက် ပြောင်းလဲနိုင်ပြီး လေယာဥ်ကွင်းများမှာ များသောအားဖြင့် သွားလာရန်ခက်ခဲသည့် တောင်တန်းဒေသများတွင် တည်ရှိကြသည်။
၂၀၁၈ ခုနှစ် အစောပိုင်းက US-Bangla Airlines လေကြောင်းလိုင်း၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှ ခတ္တမန္ဒူမြို့သို့ လေကြောင်းခရီးစဥ် ပျံသန်းလာသည့် ခရီးသည်တင်လေယာဥ်မှာ လေဆိပ်တွင်ဆင်းသက်စဥ် မီလောင်မှုဖြစ်ပွားခဲ့ပြီး လိုက်ပါလာသူ (၇၁) ဦးအနက် (၅၁) ဦး သေဆုံးခဲ့သည်။
၁၉၉၂ ခုနှစ်ကလည်း Pakistan International Airlines လေကြောင်းလိုင်း၏ လေယာဥ်တစ်စီးမှာ ခတ္တမန္ဒူတွင် ဆင်းသက်ရန်ကြိုးပမ်းခဲ့စဥ် ပျက်ကျခဲ့ရာ လိုက်ပါလာသူ (၁၆၇) ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
Source: Reuters