တရုတ်က ၎င်း၏ အကျိုးအမြတ်အတွက် မြန်မာနိုင်ငံ အကျပ်အတည်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပါဝင်လာနိုင်

တရုတ်က ၎င်း၏ အကျိုးအမြတ်အတွက် မြန်မာနိုင်ငံ အကျပ်အတည်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပါဝင်လာနိုင်

မြန်မာနိုင်ငံ အကျပ်အတည်းတွင် ဖြစ်နိုင်ခြေရှိသည့် ငြိမ်ချမ်းရေးဖော်ဆောင်သူအဖြစ် တရုတ်နိုင်ငံကို ကမ္ဘာက ရှုမြင်လာကြရာ တရုတ်အနေဖြင့် အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေနွေးမှုများ မဖြစ်နိုင်မီ အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government (NUG) နှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ 

လက်ရှိတွင်မူ တရုတ်က ထိုသို့ လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ ၎င်း၏ အကျိုးအမြတ်အတွက်သာ မြန်မာအကျပ်အတည်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပါဝင်လာနိုင်ခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

တရုတ်က NUG နှင့် ထိတွေ့ဆက်ဆံရမည့်အစား မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် (၂) နှစ်ကျော်က အာဏာသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ်များနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမျာကို တိုးမြှင့်လုပ်ဆောင်နေကြောင်း Curtin တက္ကသိုလ်မှ နိုင်ငံတကာစီးပွားရေး ပါမောက္ခ ဒေါက်တာထွေးထွေးသိန်းက ၂၀၂၃ခုနှစ် မေလ (၃) ရက်နေ့တွင် ပြောကြောင်း CNA သတင်းက ရေးသားဖော်ပြထားသည်။ 

တရုတ်က ၎င်း၏ အကျိုးအမြတ်အတွက် မြန်မာနိုင်ငံ အကျပ်အတည်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပါဝင်လာနိုင်ခြေရှိနေခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က မေလ (၂) ရက်နေ့တွင် နေပြည်တော်သို့လာရောက်ပြီး အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့စဥ် နိုင်ငံတကာစာမျက်နှာတွင် တရုတ်က မြန်မာနှင့်အတူ ရပ်တည်ကြောင်း ပြောခဲ့သည်။ 

အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင်မှာ မြန်မာပြည်သူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခွင့်ပြုရန် တောင်းဆိုမှုကို လစ်လျူရှုထားသူ ဖြစ်သည်။ 

Qin Gang က မြန်မာခရီးစဥ် မတိုင်မီ ကုလသမဂ္ဂ အထူးသံတမန် နိုလင်းဟေဇာနှင့် တွေ့ဆုံခဲ့စဥ် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို တရုတ်က တခြားနိုင်ငံများထက် ပို၍ပင် လိုလားကြောင်း ပြောခဲ့သည်။

"တရုတ်က စစ်ဗိုလ်ချုပ်တွေအပေါ်မှာ ဩဇာလွှမ်းပါတယ်။ ဒါကြောင့် ကမ္ဘာ့က မြန်မာနဲ့ပတ်သက်ရင် တရုတ်ကို မြင်ကြတာပေါ့။ ဒါပေမဲ့ အခုအချိန်မှာ တရုတ်က မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ကုန်သွယ်မှုဆက်ဆံရေးကိုပဲ တိုးမြှင့်ထားပုံရတယ်" ဟု ဒေါက်တာထွေးထွေးသိန်းက CNA သတင်းဌာန၏ Asia Now အစီအစဥ်ကို ပြောခဲ့သည်။ 

"ဒါက ကမ္ဘာကြီးကို လူ့အခွင့်အရေး လေးစားတဲ့ နိုင်ငံတွေနဲ့ အာဏာရှင်စနစ် နိုင်ငံတွေဆိုပြီး ပိုင်းခြားကွဲသွားစေမယ့် စိုးရိမ်စရာတစ်ခုပါ" ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံက လက်ရှိဖြစ်ပေါ်နေသည့် မြန်မာအကျပ်အတည်းတွင် ငြိမ်းချမ်းရေး ဖော်ဆောင်သူအဖြစ် ပါဝင်လာနိုင်သည့် အလားအလာရှိနေသော်လည်း အဓိပ္ပါယ်ရှိသည့် စေ့စပ်ညှိနှိုင်းမှုများ မလုပ်နိုင်မီ အချို့အခြေအနေများနှင့် ကိုက်ညီမှုရှိရမည်ဟုလည်း ဒေါက်တာက ထောက်ပြသည်။ 

တရုတ်အနေဖြင့် စစ်ဗိုလ်ချုပ်များကို ပထမဆုံး တောင်းဆိုသင့်သည်မှာ အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဥ်းသားများကို ပြန်လွှတ်ရန် ဖြစ်သင့်ကြောင်း ၎င်းက ပြောသည်။ 

ထို့နောက်မှသာ ငြိမ်းချမ်းရေးဆွေးနွေးမှုက အဓိပ္ပါယ်ရှိရှိ ဖြစ်လာနိုင်သည်ဟု ဒေါက်တာထွေးထွေးသိန်းက သုံးသပ်သည်။



တရုတ်အနေဖြင့် NUG အစိုးရနှင့် တန်းတူညီမျှစွာနှင့် ပွင့်ပွင့်လင်းလင်း ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ထိုအချက်ကို တရုတ်က လုပ်ဆောင်ခြင်းမရှိသေးရာ မြန်မာလူမှုအသိုင်းအဝိုင်းနှင့် တက်ကြွလှုပ်ရှားသူများက ဒေါသထွက်နေကြကြောင်း ၎င်းက ပြောသည်။ 

"မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကျိုးအမြတ်က စီးပွားရေးထက်ပိုပါတယ်။ ကျမ ဆိုလိုတာ စီးပွားရေးအရ တရုတ်က မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အကျိုးအမြတ်ရှိပါတယ်။ သူ့ရဲ့ ကုန်းတွင်းပိတ် တောင်ပိုင်းပြည်နယ်တွေကို အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ပေးတဲ့ ပိုက်လိုင်း (၂) ခု ရှိနေပါတယ်" ဟု ဒေါက်တာက ဆိုသည်။

"ဒါပေမဲ့ အဲဒါထက်ပိုတာက တရုတ်က မြန်မာနိုင်ငံမှာ သူ့ရဲ့ ပထဝီနိုင်ငံရေး အကျိုးအမြတ်လည်း ရှိနေပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲကို ဝင်ရောက်နိုင်မှုနဲ့ ပတ်သက်ရင်ပေါ့" ဟု ၎င်းကပြောသည်။ 

မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေမှုကို သီးခြားဖြစ်ပျက်နေခြင်းဟု မရှုမြင်သင့်ဘဲ အခြားနိုင်ငံများအတွက် အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း နိုင်ငံများအတွက် ဆိုးရွားသော သက်ရောက်မှုရှိသည့် ဒေသတွင်း ပြဿနာတစ်ရပ်အဖြစ် ရှုမြင်သင့်ကြောင်း ဒေါက်တာထွေးထွေးသိန်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံအထူးအစည်းအဝေး ပြုလုပ်ခဲ့စဥ်က စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် (၅) ချက်ကို သဘောတူညီခဲ့ကြသည်။ 

ထိုသဘောတူညီချက်များတွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ခွင့်ပြုရေးတို့ ပါဝင်ခဲ့သော်လည်း စစ်အုပ်စုက လက်တွေ့ လိုက်နာအကောင်အထည်ဖော်ခြင်းမရှိဘဲ လစ်လျူရှုထားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများကြား အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသည့် မြန်မာပြည်သူ သန်းနှင့်ချီရှိနေပြီး ၎င်းတို့မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိသည်။ 

သို့သော် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ International Federation of Red Cross and Red Crescent Societies (IFRC) ၏ အာရှပစိဖိတ်‌ဒေသဆိုင်ရာ ညွှန်ကြားရေးမှူ Alexander Matheou က ၎င်းနှင့် မြန်မာစစ်အုပ်စု၏ ဝန်ကြီးများ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစည်းအဝေးပြုလုပ်ခဲ့ရာ နိုင်ငံ၏ နေရာဒေသအားလုံးသို့ သွားရောက် အကူအညီပေးနိုင်ရန် IFRC အတွက် အာမခံချက် မပေးခဲ့ဟု ဆိုသည်။

လက်ရှိတွင် မြန်မာပြည်သူ (၁၈) သန်းကျော်မှာ အကူအညီများ လိုအပ်နေဆဲဖြစ်ပြီး လူဦးရေ (၁.၅) သန်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်းနှင့် နိုင်ငံ၏ နေရာဒေသ အများအပြားသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းများ သွားရောက်နိုင်ခြင်းမရှိကြောင်း IFRC ၏ အာရှပစိဖိတ်‌ဒေသဆိုင်ရာ ညွှန်ကြားရေးမှူ Matheou က ပြောသည်။

"သဘာဝဘေးအန္တရာယ်ကျရောက်မှု အလွန်များတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျနော် အဲဒီမှာ ရှိနေတုန်းကတောင် အနီးအနားက ရွာတစ်ရွာ လေဆင်နှာမောင်းတိုက်လို့ ပျက်စီးသွားခဲ့ပြီး လူတွေ သေဆုံးခဲ့ကြတယ်" ဟု Matheou က CNA ၏ Asia First အစီအစဥ်ကို မေလ (၂) ရက်နေ့တွင် ပြောခဲ့သည်။ 

မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် အဆိုးရွားဆုံး ကမ္ဘာ့နေရာများအနက်မှ တစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ပြောထားကြောင်းလည်း Matheou က ဆိုသည်။

"ပြီးခဲ့တဲ့ (၂) နှစ်အတွင်း အချို့ကိစ္စတွေ သေချာပေါက် ပိုဆိုးလာတာ ကျနော်တို့ တွေ့ရတယ်။ နိုင်ငံရဲ့ ပိုမိုများပြားတဲ့ နေရာတွေမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုဖြစ်လာတယ်။ နောက်ဆက်တွဲ ဆိုးကျိုးက ပိုမိုများပြားတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ‌ရွှေ့ပြောင်းကြရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ ပိုခက်ခဲလာတယ်။ ဒီအကြောင်းရင်းတွေ အားလုံးက အခုအချိန်မှာ ထိခိုက်လွယ်တဲ့ မြန်မာပြည်သူတွေအတွက် ပိုမိုဆိုးရွားစေပါတယ်" ဟု Matheou က မှတ်ချက်ပြုခဲ့သည်။

Source: CNA