အာဖရိကတိုက်၏ အမြင့်ဆုံး တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် အသက်အငယ်ဆုံး အာရှသားလေးအဖြစ် အိန္ဒိယနိုင်ငံမှ ကလေးတစ်ဦးက စံချိန်တင်ခဲ့သည်။
အမြင့်ပေ (၁၉,၃၄၀) ရှိ အာဖရိက၏ အမြင့်ဆုံးဖြစ်သော Kilimanjaro တောင်ထိပ်သို့ အသက် (၅) နှစ်အရွယ် အိန္ဒိယ ကလေးငယ်က တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ရိုပါမြို့မှ (၅) နှစ်သားလေး Teghbir Singh က တန်ဇန်းနီးယားနိုင်ငံရှိ Kilimanjaro တောင်ထိပ်သို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၈) ရက်နေ့တွင် စတင်တက်ရောက်ခဲ့ပြီးနောက် ဩဂုတ်လ (၂၃) ရက်နေ့တွင် Singh က တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် တန်ဇန်းနီးယား အမျိုးသားဥယျာဥ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အကြီးအကဲက Teghbir ကို အသိအမှတ်ပြု လက်မှတ် ချီးမြှင့်ပေးအပ်ခဲ့သည်။
"အဲဒီနေရာကို ကျွန်တော် ရောက်မယ်လို့ ကျွန်တော် သိခဲ့ပြီး နောက်ဆုံးမှာ ရောက်ခဲ့ပြီ။ အဲဒီနေရာမှာ ကျွန်တော့်အဖေနဲ့အတူ ဓာတ်ပုံရိုက်ခဲ့တယ်။ တောင်တက်လမ်းမှာ အခက်အခဲကြုံလာတဲ့အခါ ကျွန်တော့်ကို ဘုရားသခင်ထံမှာ ဆုတောင်းဖို့ပြောတယ်။ ဒါက ကျွန်တော့်ကို ခွန်အားဖြစ်စေပြီး တောင်ထိပ်ကို ကျွန်တော် ရောက်နိုင်ခဲ့တယ်" ဟု Singh က ဖွင့်ဟခဲ့ကြောင်း Hindustan Times သတင်းက ဆိုသည်။
အာဖရိကတိုက်၏ အမြင့်ဆုံး တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့မှုအတွက် ၎င်း၏ နည်းပြဖြစ်သူ Bikramjit Singh Ghuman ကို ကျေးဇူးတင်ကြောင်း Singh က ပြောသည်။
ထို့အတူ ၎င်းကို အားပေးကြသည့် မိသားစုကို ကျေးဇူးတင်ကြောင်းလည်း Singh က ဆိုသည်။
(၅) နှစ်သားလေး Singh ၏ တောင်တက်ခရီးတွင် နည်းပြ (၂) ဦးနှင့် အဖွဲ့ဝင် (၂) ဦးလည်း အတူလိုက်ပါခဲ့ကြသည်။
Singh က ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်၏ အခြေစိုက်စခန်းသို့လည်း ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
Source: News9Live