မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား မယ်ဆိုင်ချောင်းတလျှောက် နှစ်ဖက် ဒေသအုပ်ချုပ်ရေး အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ထားသည်များထဲက အဆောက်အဦး စုစုပေါင်း (၇၈)နေရာ အနက် မြန်မာဘက်က နေရာပေါင်း (၃၃)နေရာကို စတင်ဖျက်သိမ်း ဖယ်ရှားမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့ဘက် မယ်ဆိုင်ချောင်းတလျှောက် သတ်မှတ် နယ်နိမိတ်ကို ကျော်လွန်ပြီး ဆောက်လုပ်ထားသည့် အဆောက်အဦများကို စစ်ဆေးရန်အတွက် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့က ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ကို ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ နှင့် သက်ဆိုင်ရာဌာနများ ပါဝင်သည့် အဖွဲ့ဖြင့် ဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးကာ အတည်ပြုပြီးနောက် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် နေအိမ်ပိုင်ရှင်များကို ခေါ်ယူတွေ့ဆုံကာ ရှင်းလင်းပြောကြားပြီး နိုဝင်ဘာလ(၂၇)ရက်နေ့က စတင်ကာ ဖျက်သိမ်း ဖယ်ရှားနေခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် အဆိုပါ အဆောက်အဦ နေရာများကို စတင်ဖယ်ရှားနေသော်လည်း ထိုင်းဘက်တွင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု နှင့်နီးတဖက် တဖက် မယ်ဆိုင်ဘက်ရှိ ရေတိုင်ဂီစင် နေရာတခုတည်းကိုသာ ဖျက်သိမ်းရသေးကြောင်း သိရသည်။
တာချီလိတ် နှင့် မယ်ဆိုင်အကြား မယ်ဆိုင်ချောင်းကို ထိကို ကျူးကျော်နေမှုများကို ထိုင်းဘက်က အဓိက ဆောင့်ကြည့်ပြီး TBC အစည်းဝေးများတွင် အပြန်အလှန် တင်ပြထားမှုများရှိပြီး ယခုအခါ ဖျက်သိမ်းရသည့် အဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
"တာချီလိတ်ဘက်က သတ်မှတ် နယ်နိမိတ်ကို ကျူးကျော်ထားတဲ့ နေရာတွေ တော်တော်များများက ပုံစံ(၁၀၅)တွေ မြေဂရန်တွေရှိတဲ့ နေရာတွေပါ။ ဆောက်တုန်းကတော့ သူတို့တွေ ဘယ်လို တင်ပြပြီး ဆောက်ကြသလဲမသိပေမဲ့ ထိုင်းဘက်က တင်ပြလာချက်အရရော အခု စိစစ်တဲ့အခါမှာ ဒီလိုတွေ တွေ့ရပါတယ်။ ကျွန်တော်တို့ တာဝန်ထမ်းဆောင်ချိန်မှာတော့ ဒီအဆောက်အဦတွေကို ခွင့်ပြုခဲ့တာမဟုတ်ဘူး အရင်က ခွင့်ပြုခဲ့တာဆိုတော့လေ"ဟု ကွင်းစစ်ဆေရေးအဖွဲ့ဝင် တစ်ဦးက Tachileik News Agency ကို နိုဝင်ဘာလ(၂၈)ရက်နေ့က ပြောပြသည်။
တာချီလိတ်နှင့်မယ်ဆိုင် နှစ်ဖက် စုစုပေါင်း ကျူးကျော်ထားကြသည့် နေရာပေါင်း (၇၈)နေရာတွင် အများဆုံးမှာ အုတ်တံတိုင်းနှင့် အုတ်နံရံများဖြစ်ပြီး တစ်ထပ်တိုက် နှင့် နှစ်ထပ်တိုက် နေအိမ်များလည်း ပါဝင်သလို စက်ရုံအဆောက်အဦး နေရာအချို့လည်း ပါဝင်သည်ကို တွေ့ရသည့်အပြင် မယ်ဆိုင်ဘက်က ဘုန်းကြီးကျောင်းလည်း ပါဝင်သည်ကို တွေ့ရသည်။
"တာချီလိတ်မြို့မှာ ချောင်းကြီး၊ ချောင်းငယ်၊ မြောင်းကြီး မြောင်းငယ်တွေ တိမ်းကောလာနေပြီ။ အဓိက တော့ အဆောက်အဦးတွေ စတင်ဆောက်လုပ်တဲ့အခါ စည်ပင်သာယာရေးဌာနရဲ့ အင်ဂျင်နီယာ အဆက်ဆက်နဲ့ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးတွေက သေချာ မစိစစ်သလို တချို့နေရာလည် ငွေရတော့ ခွင့်ပြပေးလိုက်ရော အခု ဖယ်ရှာပေးရတဲ့ အဆင့်ကို ရောက်လာတယ်။ အစကတည်းက အဂတိ ကင်းရင် ဒီလို ဖြစ်လာစရာမရှိဘူပေါ့ဗျာ။ အခုလိုကလည်း ပြီးခဲ့တဲ့ ရေကြီး ရေလျှံ ဂယက်တွေပေါ့"ဟု အမည်ဖော်လိုသည့် ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ(၁၀)ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး ရေကြီးရေလျှံမှု နှင့် ရွှံ့နွံဖုံးလွှမ်းမှုများ ကြုံတွေ့ခဲ့ရမှုနှင့် ပတ်သက်ပြီး မယ်ဆိုင်ဘက် ဒေသအုပ်ချုပ်ရေး အာဏာပိုင်များနှင့်သက်ဆိုင်ရာများက ၎င်းတို့အချင်းချင်း အဓိကထားဆွေးနွေးမှုများ ပြုလုပ်ရာတွင် မယ်ဆိုင်ချောင်းတလျှောက် နှစ်ဖက်ကျူးကျော်ထားသည့် နေရာများကိစ္စ ဆွေးနွေးခဲ့ကြသလို တာချီလိတ်ဘက်က ရွှေတူးဖော်မှုများ လုပ်ဆောင်မှုကြောင့် ရေကြီးမှုများ မဖြစ်ပေါ်မှု ချောင်းရေ ညစ်နွမ်းခဲ့မှုအပြင် ရေကြီးပြီးနောက် ရွှံ့နွံများ ပါလာမှုများကိစ္စကိုပါဆွေးနွေးခဲ့ကြသေးကြောင်း သိရသည်။
အလားတူ မယ်ဆိုင်ချောင်းအတွင်း ရေများ ညစ်ညမ်းလာနေမှုနှင့် ပတ်သက်၍လည်း တာချီလိတ်အထက်ပိုင်း မိုင်းဆတ်ခရိုင်အတွင်း အဆက်မပြတ် ရွှေတူးဖော်မှုများကြောင့် တာချီလိတ် နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ရေညစ်ညမ်းမှုဖြစ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး ရေထုအရည်အသွေး နှင့် အဆိပ်သင့်မှုအတွက် အနီးကပ် စောင့်ကြည့်သင့်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ၂၀၂၄ခုနှစ် မတ်လ(၈)ရက်နေ့ကလည်း အသိပေး ထုတ်ပြန်ထားသေးသည်။
"ထိုင်းဘက်ကတော့ နယ်စပ်ချောင်းကိစ္စကို ရေကြီးကာလ မဟုတ်ကတည်းက ဆွေးနွေးလေ့ရှိတာကို ထိုင်းဘက်က သတင်းတွေအရ တွေ့ရ မြင်ရတယ်။ ကျွန်တော်တို့ တာချီလိတ်ဘက်ကတော့ ပြီးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီချောင်းဘေး ကျူးကျော်တာတွေနဲ့တင် မပြီးဘူးဗျ။ တာချီလိတ်ရဲ့ အပေါ်ပိုင်းမှာ လွယ်တော်ခမ်ကျေးရွာအုပ်စု နဲ့ မိုင်းဆတ်အကြား အပြင် မိုင်းဆတ်ဘက်မှာ လုပ်နေတဲ့ အကြီးစားရွှေတူးတာတွေကိုပါ ကိုင်တွယ်ဖို့လိုတယ် တပ်ဖက်နဲ့အထက်ပိုင်းကလည်း ငွေရပြီး မျက်စိစုံမှိတ်နေကြတယ်။ အဓိက က ဒါတွေကိုပါ အရေးယူမှသာ တာချီလိတ်ဒေသခံတွေအတွက် မိုးရာသီတိုင်း အထိမနာမှာ"ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက ထောက်ပြ ပြောဆိုသည်။
တာချီလိတ်မြို့တွင် ဟိုတယ်များ နှင့် အချို့လုပ်ငန်းများနှင့် ပတ်သက်ပြီး တရားဝင် လုပ်ငန်းလိုင်စင် နှင့် ဆောက်လုပ်ခွင့်များ မကျသေးသော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးတို့က ၎င်းတို့၏ လုပ်ပိုင်ခွင့် အသုံးချပြီး ငွေကြေးရယူထားကာ ခွင့်ပြုပေးထားသည်က အများအပြားရှိခဲ့သည်။