ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မိုင်းပျဉ်းမြို့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆက်စပ်ပြီး ကျပ်ငွေ (၁.၄၅)ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိပြီး သိမ်းဆည်းလိုက်သည့် ကား(၃)စီး အနက် ကား(၂)စီး နှင့် ငွေများကို ဖမ်းဆီးရေးအဖွဲ့က စာရင်းဖျောက်ထားကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်အတွင်း နားခေါကျေးရွာ အနီးတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းက ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းပူးအွန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး လုံးမွန်းပေတ ခေါ် စိုင်းဦးပေတ နှင့်အတူ နန်းရှဲန်အွမ် နှင့် စိုင်းကော်တို့ကို ယာဉ်ပေါ်ကနေ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို(၁၀၀)ဖြင့် ဖမ်းမိပြီးနောက် ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ယမ်းမိုင်ကျေးရွာရှိ စိုင်းဝန်း၏ နေအိမ်အား သွားရောက် ရှာဖွေခဲ့ကြောင်း သိရသည်။
စိုင်းဝန်း၏ နေအိမ်တွင် အိုက်စ်(မက်သ်အဖက်တမင်း) ကီလို (၅၀) နှင့် ကက်တမင်း ကီလို(၃၀) ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် အိုက်စ်(မက်သ်အဖက်တမင်း) ကီလို(၁၀၀) အပါအဝင် စုစုပေါင်းဒေသကာလတန်ဖိုးမှာ ငွေကျပ် (၁.၄၅)ဘီလီယံကျော်တန်ဖိုးရှိကြောင်း နှင့် စိုင်းဝန်းမှာ နေအိမ်တွင် မရှိ၍ ဖမ်းမမိကြောင်း သိရသည်။
ဖမ်းဆီးရမိထားသူများ၏ စစ်ဆေးထွက်ဆိုချက်အရ မူးယစ်ဆေးဝါးများကို ကျိုင်းတုံမြို့နယ်ကနေ မိုင်းဖြတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမူးယစ်ရဲတပ်ဖွဲ့၏ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့ ညပိုင်းက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် တရားခံ(၃)ဦးကို TOYOTA SUCCEED ကားပေါ်တွင် ဖမ်းမိကြောင်းနှင့် သိမ်းဆည်းရရှိသည့် ကားမှာလည်း (၁)စီးတာ သိမ်းဆည်းရရှိကြောင်းကို သတင်းထုတ်ပြန်ထားသော်လည်း တကယ့် အောက်ခြေတွင် ကား(၃)စီးနှင့် ထိုင်းဘတ်ငွေများစွာ သိမ်းဆည်းရရှိသွားကြောင်း နှင့် ပထမဆုံး ဖမ်းမိသည့်ကားမှာလည်း ကားအမျိုးအစား လွှဲပြီး ဖော်ပြထားကြောင်း သိရသည်။
"ပထမ နားခေါရွာနားက စစ်ဆေးရေးမှာ Toyota Alphard ကားပေါ် အရင် မိတာ။ နောက်ထပ် ယမ်းမိုင်ရွာက စိုင်းဝန်းအိမ်ကို သွားစစ်တော့ အဲ့အိမ်က TOYOTA SUCCEED နှင့် Honda insight အပြာရောင်ကား (၂)စီးလုံးကို သိမ်းသွားတာ။ စိုင်းဦးပေတ ဆိုတာက မိုင်းပျင်းမြို့ မိုင်းပူးအွန်ကျေးရွာရဲ့ အုပ်ချုပ်ရေးမှုးပါ"ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၁၉)ရက်နေ့တွင် ပြောပြသည်။
မူးယစ်ရဲတပ်ဖွဲ့ နှင့် ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့တို့သည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည့် အချိန်တိုင်းတွင် သိမ်းဆည်းရမိသည့် ကား၊ဆိုင်ကယ် နှင့် ငွေကြေးများ အပါအဝင် အခြားပစ္စည်းများကို ကိုယ်ကျိုးအတွက် အသုံးပြုရန် အပျောက်ဖျောက်လေ့ရှိပြီး အထက်ဌာနကို လိမ်လည်တင်ပြမှုများပြားသည်ဟု ရဲအငြိမ်းစားတစ်ဦးထံက သိရသည်။