မြင်မြင်သမျှနေရာတိုင်းတွင် ငြိမ်းချမ်းရေးသည် တိုက်ခိုက်ခံနေရပြီး ကမ္ဘာကြီးသည် ငြိမ်းချမ်းရေး လိုအပ်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်မှ ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် မိန့်ခွန်းတွင် ပြောဆိုသည်။
ဂါဇာမှသည် ဆူဒန်နှင့် ယူကရိန်းနိုင်ငံတို့တွင်သာမက တခြားဒေသများတွင်ပါ ငြိမ်းချမ်းရေးသည် တိုက်ခိုက်ခံနေရပြီး ပစ်ခတ်တိုက်ခိုက်မှုများကြား၌ အရပ်သားပြည်သူများ ၊ တစ်စစီဖြစ်သွားသည့် နေအိမ်များ ၊ ရုပ်ဝတ္တုပစ္စည်းများသာမက တခါတရံ လူ့အသက်အားလုံးပါ ဆုံးရှုံးခဲ့ရသည့်အတွက် ပြည်သူလူထုများမှာ စိတ်ဒဏ်ရာရရှိနေရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဆိုသည်။
“အဲဒီ လူတွေရဲ့ ဆင်းရဲဒုက္ခ တသီတတန်းကြီးကို ရပ်တန့်ပစ်ရပါမယ်။ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးက ငြိမ်းချမ်းရေး လိုအပ်နေပါတယ်။ ငြိမ်းချမ်းရေးဟာ လူသားအားလုံးအတွက် အကောင်းဆုံးဆုလာဘ် ဖြစ်ပါတယ်။ နောက်ပြီး ဖြေရှင်းနည်းတွေက ကျွန်တော်တို့ လက်ထဲမှာပဲ ရှိတယ်ဆိုတာကို ဒီအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။”ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောသည်။
ငြိမ်းချမ်းရေး၏ တန်ဖိုး ၊ အယူအဆနှင့် နည်းလမ်းများ (Culture of Peace)ကို ပြုစုပျိုးထောင်ခြင်းသည် မတူကွဲပြားမှု၊ အခွင့်အာဏာမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုများကို တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် အားလုံးအတွက် မျှော်လင့်ချက်များနှင့် အစားထိုးခြင်းကို ဆိုလိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဆိုသည်။
“ဆိုလိုတာက ပဋိပက္ခတားဆီးရေးကို အလေးထားတာ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေဆီရောက်ရှိအောင် တိုးမြှင့်ဆောင်ရွက်တာ၊ လူ့အခွင့်အရေးတွေကို မြှင့်တင်တာတွေ ဖြစ်ပါတယ်။ နောက်ပြီး ခွဲခြားဆက်ဆံမှုနဲ့ အမုန်းတရား ပုံစံအားလုံးကို ကိုင်တွယ်ဖြေရှင်းတာ ဖြစ်ပါတယ်။” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသည်။
ယခုလတွင် ကျင်းပခဲ့သည့် အနာဂတ် ညီလာခံသည် အဆိုပါ ရည်မှန်းချက်များကို တွန်းအားပေးနိုင်သည့် အရေးပါသည့် အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ပြီး ၊ အဆိုပါ အခွင့်အလမ်းကို အသုံးချရန်နှင့် ငြိမ်းချမ်းရေးအတွက် အတူတကွ အုတ်မြစ်ချရန်၊ တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ ထွန်းကားသည့် ယာဉ်ကျေးမှုတရပ်ကို ပြုစုပျိုးထောင်ကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။
#TachileikNewsAgency