တူရကီနှင့် ဆီးရီးယား နယ်စပ်တွင် ငလျင်ထပ်လှုပ်ပြီး ငလျင်များကြောင့် သေဆုံးသူ အရေအတွက် (၄၇,၀၀၀) ကျော်အထိ ရှိလာ

တူရကီနှင့် ဆီးရီးယား နယ်စပ်တွင် ငလျင်ထပ်လှုပ်ပြီး ငလျင်များကြောင့် သေဆုံးသူ အရေအတွက် (၄၇,၀၀၀) ကျော်အထိ ရှိလာ
ဖေဖော်ဝါရီ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံ နယ်စပ်ဒေသတွင် ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ ညနေပိုင်းက ရစ်ချ်တာစကေး (၆.၄) အဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့မှုအတွင်း လူ (၆) ဦး သေဆုံးခဲ့ကြောင်း CNN Turk သတင်းဌာနကို ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင်ဖော်ပြသည်။ 

၂၀၂၃ခခုနှစ် ဖေဖော်ဝါရီလ(၆) ရက်နေ့က တူရကီနှင့် ဆီးရီးယားတွင် လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက် (၄၇,၀၀၀) ကျော်ရှိပြီဖြစ်သည့် ရစ်ချ်တာစကေး (၇.၈) အဆင့်ရှိ ငလျင်ကြီးလှုပ်ပြီးနောက် သီတင်း (၂) ပတ်အကြာတွင် ငလျင်ထပ်လှုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဖေ‌ဖေါ်ဝါရီလ (၂၀) ရက်နေ့ ငလျင်မှာ တူရကီတောင်ပိုင်း Antakya မြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယား၊ အီဂျစ်နှင့် လက်ဘနွန် နိုင်ငံတို့တွင်လည်း ငလျင်လှုပ်မှုကို ခံစားခဲ့ကြရသည်။ 

အဆိုပါ ငလျင်မှာ မြေအောက်အနက်  (၆.၂) မိုင်တွင် လှုပ်ခတ်ခဲ့ကြောင်း European Mediterranean Seismological Centre (EMSC) က ပြောသည်။

ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် ထပ်မံ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ (၆) ဦး သေဆုံးပြီး (၂၉၄) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ဒဏ်ရာပြင်းထန်သူ (၁၈) ဦးကို Anada နှင့် Dortyol မြို့များရှိ ဆေးရုံများသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။ 

တူရကီတွင် ဖေဖေါ်ဝါရီလ (၆) ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူအရေအတွက် (၄၁,၁၅၆) ဦးအထိ ရှိလာခဲ့ကြောင်း Disaster and Emergency Management Authority (AFAD) က ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်။

တူရကီတွင် ငလျင်လှုပ်ခတ်မှုအတွင်း လူနေတိုက်ခန်း (၃၈၅,၀၀၀) ပျက်စီးသွားခဲ့ သို့မဟုတ် ဆိုးရွားစွာ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းနှင့် လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း သိရသည်။ 

တူရကီသမ္မတ Tyyip Erdogan က ငလျင်ဒဏ်သင့် ပြည်နယ် (၁၁) ခုတွင် လူနေတိုက်ခန်း (၂၀၀,၀၀၀) နီးပါး တည်ဆောက်ရေးလုပ်ငန်းကို လာမည့် မတ်လအတွင်း စတင်သွားမည်ဟု ပြောသည်။

ဆီးရီးယားနိုင်ငံတွင်လည်း ငလျင်ကြောင့် သေဆုံးသူအရေအတွက် (၄,၅၂၅) ဦးရှိလာကြောင်း ကုလသမဂ္ဂက ပြောသည်။ 

ဆီးရီးယားသမ္မတ အာဆတ်အစိုးရ ထိန်းချုပ်နယ်မြေများတွင် လူ (၁,၄၁၄) ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားအရာရှိများက ဆိုသည်။ 

(၁၂) နှစ်နီးပါး ပြည်တွင်းစစ်ပွဲ ဖြစ်ပွားနေခဲ့သည့် ဆီးရီးယားတွင် သူပုန်များ ထိန်းချုပ်ထားသော နယ်မြေများ၌လည်း ငလျင်ကြောင့် သေဆုံးသူ ထောင်နှင့်ချီရှိခဲ့သည်။

ငလျင်လှုပ်မှုများအတွင်း အသက်ရှင်ကျန်ခဲ့သူများအနက် ကိုယ်ဝန်ဆောင်အမျိုးသမီး (၃၅၆,၀၀၀) ခန့်ရှိပြီး ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောသည်။ 

အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနက် တူရကီတွင် (၂၂၆,၀၀၀) ဦးနှင့် ဆီးရီးယားတွင် (၁၃၀,၀၀၀) ဦးဖြစ်ပြီး ကိုယ်ဝန်ဆောင် (၃၈,၈၀၀) ဦးမှာ လာမည့် မတ်လအတွင်း ကလေးမွေးဖွားမည်ဖြစ်ကြောင်း သိရသည်။

တူရကီနှင့် ဆီးရီးယားရှိ ငလျင်ဒဏ်သင့် နယ်မြေများသို့ အကူအညီများ အလျင်အမြန် ပို့ဆောင်လျက်ရှိသည်။ 

ထိုအတောအတွင်း အမေရိကန်က တူရကီနှင့် ဆီးရီးယားရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် စုစုပေါင်း ဒေါ်လာ (၁၈၅) သန်း တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Source: Reuters

Photo: REUTERS/Eloisa Lopez, REUTERS/Thaier Al-Sudani, REUTERS/Maxim Shemetov