ထိုင်းနိုင်ငံ၏ လူသိများသော ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခုဖြစ်သည့် ချင်းမိုင်မြို့တွင် မတ်လ (၉) ရက်နေ့၏ လေထုညစ်ညမ်းမှု အခြေအနေမှာ ကမ္ဘာ့အဆိုးဆုံးအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။
မတ်လ (၉) ရက်နေ့၏ ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီအချိန် တိုင်းတာမှုအရ ချင်းမိုင်၏ လေထုအရည်အသွေးအညွှန်းကိန်း Air Quaility Index (AQI) မှာ Chang Phueak ခရိုင်ခွဲတွင် (၁၈၇) ဖြစ်ခဲ့ပြီး ကျန်းမာရေးအတွက် မသင့်တော်သည့်အဆင့်ဖြစ်ကြောင်း ထိုင်းနိုင်ငံ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန၏ လေထုအရည်အသွေးနှင့် အသံဆူညံမှု စီမံခန့်ခွဲရေးဌာနက ပြောသည်။
အများအပြည်သူ အနေဖြင့် အသက်ရှူကျပ်ခြင်း၊ မျက်စိကျိန်းစပ်ခြင်း သို့မဟုတ် ချောင်းဆိုးခြင်းတို့ ခံစားရပါက မိမိတို့၏ ကျန်းမာရေးကို စောင့်ကြည့်ရန်နှင့် နေအိမ်/အဆောက်အအုံပြင်ပ သွားလာလှုပ်ရှားမှုများ လျှော့ချကြရန် အကြံပြုထားသည်။
ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဥ်၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် IQAir ၏ အဆင့်သတ်မှတ်ချက်အရ မတ်လ (၉) ရက်နေ့တွင် ချင်းမိုင်၏ လေထုညစ်ညမ်းမှုမှာ ကမ္ဘာတဝန်းတွင် အဆိုးဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
IQAir က ကမ္ဘာတဝန်း မြို့ (၉၅) မြို့၏ လေထုညစ်ညမ်းမှု PM2.5 အချက်အလက်များကို နှိုင်းယှဥ်၍ အဆင့်သတ်မှတ်ဖော်ပြခြင်း ဖြစ်သည်။
မတ်လ (၉) ရက်နေ့တွင် ချင်းမိုင်၏ PM2.5 ပမာဏမှာ ကုလသမဂ္ဂ၏ သတ်မှတ်ချက်ထက် (၂၂.၈)ဆ ပိုများနေခဲ့ကြောင်း IQAir က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
PM2.5 ပမာဏများပြားခြင်းမှာ လေထုအတွင်း အလွန်သေးငယ်သည့် အမှုန်အမွှားများ သတ်မှတ်ချက်ထက် ပိုမိုများပြားနေခြင်းဖြစ်ပြီး ထိုအမှုန်အမွှားများက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်အတွင်းပိုင်းတွင် ရောက်ရှိသွားနိုင်ပြီး အချိန်ကာလရှည်ကြာ ဆက်ရှိနေနိုင် သို့မဟုတ် သွေးကြောထဲသို့ ရောက်ရှိသွားနိုင်ပြီး ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း သိရသည်။
ထိုသေးငယ်သော အမှုန်အမွှားများနှင့် ကာလရှည်ကြာ ထိတွေ့မှုမှုကြောင့် နှလုံးသွေးကြောနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ကင်ဆာရောဂါများ ဖြစ်စေနိုင်သည်။
ထိုင်းနိုင်ငံတွင် ချင်းမိုင်နှင့် အခြား မြောက်ပိုင်းပြည်နယ်များရှိ ဒေသခံများမှာ လေထုအရည်အသွေး ဆိုးရွားမှုကို သီတင်းတစ်ပတ်ကျော်ကြာ ကြုံတွေ့နေခဲ့ရသည်။
ချင်းမိုင်တွင် လေထုညစ်ညမ်းမှုကြောင့် ဒေသခံများကို mask များ ပေးဝေခြင်း၊ အာဏာပိုင်များက ယာဥ်များကို မီးခိုးထုတ်လွှတ်မှု စစ်ဆေးရေးဂိတ်များ ထားရှိခြင်းတို့ ဆောင်ရွက်နေခဲ့သည်။
မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက် တောမီးရှို့မှုများကြောင့် မီးခိုးမြူများမှာ မသိမသာ စတင်လာပြီဖြစ်ရာ တာချီလိတ်မြို့တွင်လည်း လေထုအရည်အသွေးကို ခရမ်းရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။
တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ (၂၄)နာရီအတွင်း လေထုအရည်အသွေး တိုင်းတာချက်အရ ခရမ်းရောင်အဆင့် ပြထားသည်ကို တွေ့ရသည်။
တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မတ်လ(၈)ရက်နေ့ကနေ မတ်လ(၉)ရက်နေ့နံနက်အထိ (၂၄)နာရီအတွင်း တိုင်းတာရရှိချက်ကို ထုတ်ပြန်ထားရာတွင် PM2.5 AQI ( Air Quality Index ) အဆင့်မှာ ၂၀၂ ရှိနေ၍ ခရမ်းရောင်အဆင့်ပြထားခြင်း ဖြစ်သည်။
Source: CNA
Photo: THE STANDARD