၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား သန်း (၃၀) ကျော် ဝင်ရောက်မည်ဟု ဝန်ကြီးချုပ်ပရာယွတ် ခန့်မှန်း

ထိုင်း နိုင်ငံတကာ လေဆိပ်အတွင်းပုံ
ထိုင်း နိုင်ငံတကာ လေဆိပ်အတွင်းပုံ
၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား သန်း (၃၀) ကျော် ဝင်ရောက်မည်ဟု ဝန်ကြီးချုပ်ပရာယွတ် ခန့်မှန်း
ဖေဖော်ဝါရီ 8, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွား သန်း (၃၀) ကျော် ဝင်ရောက်မည်ဟု ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယုံကြည်ထားကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ဖေဖေါ်ဝါရီလ (၇) ရက်တွင် ပြောသည်။

 ဝန်ကြီးချုပ်ပရာယွတ်က ခရီးသွားများ ခရီးသွားလာမှု အဆင်ပြေ ချောမွေ့စေရန်နှင့် ၎င်းတို့၏ လုံခြုံရေး သေချာစေရန် သက်ဆိုင်ရာဌာနများကို လမ်းညွှန်မှာကြားခဲ့ကြောင်း ထိုင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ် Anucha Burapachaisri က ဆိုသည်။

ထိုင်းအစိုးရက ကနဦးတွင် ၂၀၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွား သန်း (၂၀) ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားခဲ့ပြီး နောက်ပိုင်းတွင် ထိုခန့်မှန်းမှုကို (၂၈) သန်းအဖြစ် တိုးမြှင့်ခဲ့ကြောင်း Anucha က ပြောသည်။ 

"ပြည်ပခရီးသွားအရေအတွက် သန်း (၃၀) တောင် ကျော်မယ်လို့ ဝန်ကြီးချုပ်က ယုံကြည်ထားပါတယ်" ဟု ၎င်းကဆိုသည်။ 

တရုတ်နိုင်ငံ၏ နယ်စပ်များပြန်ဖွင့်ခဲ့ပြီး တရုတ်ခရီးသွားများ ပြန်လည်ဝင်ရောက်လာပြီးနောက် ထိုင်းအစိုးရက နောက်ဆုံးခန့်မှန်းချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယခုအခါ ထိုင်းနိုင်ငံက ၂၀၂၃ ခုနှစ်အတွင်း တရုတ်ခရီးသွား အနည်းဆုံး (၇) သန်းမှ (၈) သန်း ဝင်ရောက်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ 

ယခင်က တရုတ်ခရီးသွား အနည်းဆုံး (၅) သန်း ဝင်ရောက်မည်ဟု ခန့်မှန်းထားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ အကြီးအကဲ Yuthasak Supasorn က Reuters သတင်းဌာနကို ပြောသည်။

"တရုတ်အစိုးရက အုပ်စုလိုက် ခရီးစဥ်တွေကို ခွင့်ပြုလိမ့်မယ်လို့  အစောပိုင်းတုန်းက ကျွန်တော်တို့ မထင်ခဲ့ဘူး။ အခုတော့ တရုတ်ကနေ အနည်းဆုံး လူ (၇) သန်းကနေ (၈) သန်း ဝင်ရောက်မယ်လို့ မျှော်မှန်းထားပါတယ်" ဟု ၎င်းကဆိုသည်။ 

တရုတ်ခရီးသွားဝင်ရောက်မှု ခန့်မှန်း အရေအတွက်မှာ COVID-19 ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်က တရုတ်ခရီးသွား (၁၁) သန်းအထိ စံချိန်တင် ဝင်ရောက်ခဲ့မှု၏ ထက်ဝက်ကျော်လည်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂) ရက်နေ့အထိ စာရင်းများအရ ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား (၉၉,၄၂၉) ဦး ဝင်ရောက်ခဲ့ကြောင်း Yuthasak က ပြောသည်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုမှာ (၂.၁) သန်းဝန်းကျင်ရှိခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။ 

ထိုင်းနိုင်ငံက ၂၀၂၂ ခုနှစ်တွင် ပြည်ပခရီးသွားဝင်ရောက်မှုမှာ အစိုးရ၏ ရည်မှန်းချက်ကို ကျော်လွန်ပြီး (၁၁.၅) သန်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်တွင်မူ ထိုင်းနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာ (၄၂၈,၀၀၀) ခန့်ရှိခဲ့ရာမှ သိသာစွာ တိုးလာခဲ့ခြင်းလည်း ဖြစ်သည်။ 

COVID ကပ်ရောဂါ မတိုင်မီ ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား သန်း (၄၀) နီးပါးအထိ စံချိန်တင် ဝင်ရောက်ခဲ့ပြီး ခရီးသွားများ သုံးစွဲငွေပမာဏမှာ ဘတ် (၁.၉၁) ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၆.၇၈ ဘီလီယံ) ရှိခဲ့ကြောင်း သိရသည်။

(အမေရိကန် ၁ ဒေါ်လာ = ထိုင်းဘတ် ၃၃.၆၄၀၀)

Source: Bangkok Post, Reuters