နိုင်ငံ့အာဏာသိမ်းသည့် (၃)နှစ်တာ ကာလအတွင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် နေရာကို အစားထိုးမှုအဖြစ် အာဏာသိမ်း စစ်ကောင်စီက (၃)ကြိမ် ပြုလုပ်ခဲ့သည်။ ယင်းသို့ ပြောင်းလဲသည့် (၃)ကြိမ် (၃)ဦးတွင် ပထမတစ်ဦးမှာ အရပ်ဘက်က ဖြစ်ပြီး ဒုတိယနှင့်တတိယမြောက်တို့မှာ စစ်တပ်က လာသည့် ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူများ ဖြစ်ကြသည်။
ဒေါက်တာကျော်ထွန်း ( ၂၀၂၁ - ၂၀၂၃ )
အာဏာသိမ်းစဉ်က ပြည်သူများအနေဖြင့် စစ်ကောင်စီက အရပ်သားများကို နေရာပေးထားသည်ဟု ရှုမြင်လိုစိတ်ဖြင့် စစ်တပ်က မဟုတ်သည့် လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်ထွန်းကို ရှမ်းပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးလိုက်သည်။ ဒေါက်တာကျော်ထွန်းကို ရှမ်းပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့အထိ (၂)နှစ်အတိ တာဝန်ပေးထားရှိပြီးနောက် ဝန်ကြီးချုပ်နေရာကနေ ဖယ်ရှားလိုက်သည်။
၎င်းအား ပြတ်ပြတ်သားသား ဖယ်ရှားခြင်းမဟုတ်ဘဲ တဆင့်ပြီး တဆင့်အနေဖြင့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်ကောင်စီ၏ ဗဟို အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၂၃ခုနှစ် ဩဂုတ်လ(၂)ရက်နေ့တွင် စစ်ကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် လည်းကောင်း နေရာများပေးခဲ့ပြီးနောက် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ အာဏာသိမ်းသည့် (၃)နှစ်ပြည့်တွင်တော့ ဒေါက်တာကျော်ထွန်းကို စစ်ကောင်စီနှင့်လုံးဝ မသက်ဆိုင်တော့ကြောင်း သဘောထားသည့် အနေဖြင့် စစ်ကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်ကနေပါ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဆိုပြီး ထုတ်ပယ်လိုက်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင်နေရာများနှင့် အကြံပေးအဖွဲ့ နေရာများတွင် ရှမ်းပြည်နယ်အနေဖြင့် ယခင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌဟောင်း ဦးစိုင်းလုံးဆိုင် ရှိနေ၍ ပြည်နယ်တစ်ခုတည်းကနေ (၁)ဦးကိုသာ ထားရှိမည်ဟု ရှုမြင်ပြီး နှစ်ဦးထဲက တစ်ဦးကို ရွေးရမည်ဆိုပါက အပြကောင်းပြီး ကျိုင်းတုံတွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သည့် ရှမ်းတိုင်းရင်းသား ဦးစိုင်းလုံးဆိုင်ကိုသာ ရွေးချယ်လိုက်ဟန်တူလေသည်။
ဦးအောင်ဇော်အေး သို့မဟုတ် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး ( ၂၀၂၃ - ၂၀၂၄ )
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက ခန့်အပ်သည့် ဒုတိယမြောက် ပြည်နယ်ဝန်ကြီးချုပ်ကတော့ စစ်တပ်က လာသည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးသည် ရှမ်း - ကယား (၂)ပြည်နယ် စစ်ဆင်ရေးကို တာဝန်ယူထားသည့် အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်ပြီး အာဏာသိမ်းသည့် (၂)နှစ်ပြည့်တွင် ၎င်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြင့် ခန့်ထားလိုက်ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး တဖြစ်လဲ ဦးအောင်ဇော်အေးသည် ရှမ်းပြည်နယ်အတွင်း ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ် ဝန်းကျင်အထိ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တို့တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။
စစ်ကောင်စီလက်ထက် ပထမ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းလက်ထက်တွင် ရှမ်းပြည်နယ်အတွင်း စစ်ရေးအခြေအနေမှာ နွေဦးတော်လှန်ရေးစစ်သည်တော်များ၏ လှုပ်ရှားမှုများသာ ထင်ထင်ပေါ်ပေါ် ရှိခဲ့သော်လည်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၏ လက်ထက်တွင် ကမ္ဘာကျော်သွားသည့် ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပေါ်လာခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း စစ်ရေးအခြေအနေ အရှုံးပေါ်နေသည့် စစ်ကောင်စီက ၎င်းအား ဝန်ကြီးချုပ်နေရာကနေ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ဖယ်ရှားလိုက်လေသည်။
စစ်တပ်ကလာသည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး တဖြစ်လဲ ဦးအောင်ဇော်အေးသည် စစ်ယူနီဖောင်းလည်း ပြန်ဝတ်မရတော့သလို အရပ်ဘက် တာဝန်များလည်း မရှိတော့သည့်အတွက် "မင်းခယောကျာ်း ကမ်းနားသစ်ပင်" ဆိုသကဲ့သို့ ရာထူးအာဏာ လက်မဲ့ဖြစ်သွားရသည်။
ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် ( ၂၀၂၄ )
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက ခန့်အပ်သည့် တတိယမြောက် ပြည်နယ်ဝန်ကြီးချုပ်ကတော့ စစ်တပ်ကလာပြီး စစ်ယူနီဖောင်း ချွတ်ကာ ပုဆိုးကောက်ဝတ်လိုက်သည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် တဖြစ်လဲ ဦးအောင်အောင် ဖြစ်သည်။
၎င်းသည်လည်း ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ် မခံရမီက ဒုတိယ ပြည်နယ်ဝန်ကြီးချုပ်ကဲ့သို့ပင် ရှမ်း - ကယား (၂)ပြည်နယ် စစ်ဆင်ရေးကို တာဝန်ယူထားသည့် အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံထားရသူ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် တဖြစ်လဲ ဦးအောင်အောင်သည် ဗိုလ်မှူးချုပ် ရာထူးကနေ ဒုတိယဗိုလ်ချုပ်ကြီးအထိ တပ်မ(၃၃)၏ တပ်မမှူးအဖြစ် လည်းကောင်း၊ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် လည်းကောင်း ရှမ်း - ကယား ဒေသအတွင်း စစ်တိုင်း(၄)တိုင်းကို ကိုင်တွယ်ရသည့် အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်းခဲ့သူဖြစ်သည်။
၎င်း၏ တာဝန်ယူခဲ့သည့် နေရာဌာနများအနက် တပ်မ(၃၃)တွင် တာဝန်ထမ်းဆောင်ချိန်က ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးနှင့်ဘာသာရေးကိစ္စရပ်များတွင် လူမဆန်မှုများကြောင့် မေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာဌာန (Office of Foreign Assets Control)၏ နာမည်ပျက်စာရင်းတွင် ထည့်သွင်းခံထားရသူဖြစ်သည့်အပြင် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးခြင်းကိုလည်း ခံထားရသူ ဖြစ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံ့အာဏာသိမ်းစတုန်းက တိုင်းနှင့်ပြည်နယ်များ၏ ဝန်ကြီးချုပ်နေရာများကို များသောအားဖြင့် အရပ်သားများဖြင့် ခန့်အပ်ထားခဲ့ပြီးနောက် ၂၀၂၃ခုနှစ်က စပြီး အရပ်သားများကို ဖယ်ရှားပြီး ဒုဗိုလ်ချုပ်ကြီးများကို အရပ်ဘက်ပြောင်းကာ အစားထိုး နေရာပေးမှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။
စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ရာထူးရှိသူများကို စိတ်တိုင်းကျ ခန့်ထား ထုတ်ပယ် လုပ်ဆောင်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၂၀၂၄ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် အသက်(၆၈)နှစ် ပြည့်မည်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ၂၀၁၁ခုနှစ် မတ်လ(၃၀)ရက်နေ့က စပြီး ရယူထားသည်မှာ ယခုဆိုလျှင် သက်တမ်း(၁၃)နှစ်ကြာပြီ ဖြစ်သလို အာဏာသိမ်းကာလ ဝန်ကြီးချုပ်အဖြစ် ကိုယ့်ကိုယ်ကို ဝန်ကြီးချုပ်အဖြစ် ပြန်ခန့်ထားကာ ရာထူးအာဏာများကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။