မွေးကင်းကလေး (၇) ဦးကို တိတ်တဆိတ် သတ်ပစ်ခဲ့သည့် ဗြိတိန်သူနာပြု

မွေးကင်းကလေး (၇) ဦးကို တိတ်တဆိတ် သတ်ပစ်ခဲ့သည့် ဗြိတိန်သူနာပြု
သြဂုတ် 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံ၏ မွေးကင်းစကလေးအဆောင်တွင် ဗြိတိန်သူနာပြုတစ်ဦးက မွေးကင်းစကလေး (၇) ဦးကို သတ်ပစ်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ 

ထိုသူနာပြုက "ငါဟာ ဆိုးယုတ်သူဖြစ်တယ်" ဟု မှတ်စုတိုတစ်ခု ရေးသားထားခဲ့ကြောင်းနှင့် နောက်ထပ် မွေးကင်းစကလေး (၆) ဦးကို သတ်ပစ်ရန်လည်း ကြိုးစားခဲ့သေးကြောင်း သိရသည်။

အသက် (၃၃) နှစ်အရွယ် လူစီလက်ဘီ အမည်ရှိ သူနာပြု အမျိုးသမီးက ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း Countess of Chester ဆေးရုံတွင် မကြာခဏ ညပိုင်း တာဝန်ကျစဥ် မွေးကင်းစကလေး ယောက်ျားလေး (၅) ဦးနှင့် မိန်းကလေး (၂) ဦးကို သတ်ပစ်ခြင်းနှင့် အခြား မွေးကင်းစကလေးများကို တိုက်ခိုက်ခြင်းတို့ ကျူးလွန်ခဲ့သည်။

လူစီက မွေးကင်စကလေးများ၏ သွေးနှင့် အစာအိမ်ထဲသို့ လေထိုးထည့်ခြင်း၊ နို့ အလွန်အကျွံတိုက်ခြင်း၊ ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်းနှင့် အင်ဆူလင်ထိုးပြီး အဆိပ်သင့်စေခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း Manchester Crown တရားရုံး၏ (၁၀) လကြာ ကြားနာစစ်ဆေးမှုအရ သိရှိရပြီး ၎င်းကို ပြစ်မှု ထင်ရှားကြောင်း တရားရုံးက  ၂၀၂၃ ခုနှစ် ဩဂုတ်လ၏ တတိယပတ်အတွင်းက ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ 

လူစီက Countess of Chester ဆေးရုံတွင် စုစုပေါင်း မွေးကင်းစကလေး (၁၃) ဦးကို တိတ်တဆိတ် တိုက်ခိုက်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် (၇) ဦး သေဆုံးခဲ့ကြောင်း ဗြိတိန် Crown Prosecution Service (CPS) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"ငါ သူတို့ကို လုံလောက်တဲ့ ဂရုစိုက် ပြုစုစောင့်ရှောက်မှု မလုပ်နိုင်တာကြောင့် သူတို့ကို သတ်ပစ်ခဲ့တယ်။ ငါက ကြောက်စရာကောင်းတဲ့ ဆိုးယုတ်သူဖြစ်တယ်" ဟု လက်ရေးဖြင့် ရေးသားထားသော မှတ်စုတစ်ခုကို သူမအား ဖမ်းဆီးပြီးနောက် ရဲအရာရှိများက သူမ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေစဥ် တွေ့ခဲ့ကြသည်။ 

 

Source: CNN, Reuters