ထိုင်းနိုင်ငံတွင် ကုန်တင်ရထားက ပစ်ကပ်ထရပ်ကားကို ဝင်တိုက်မိပြီး (၈)ဦး သေဆုံး

ထိုင်းနိုင်ငံတွင် ကုန်တင်ရထားက ပစ်ကပ်ထရပ်ကားကို ဝင်တိုက်မိပြီး (၈)ဦး သေဆုံး
By Mr John

 ထိုင်းနိုင်ငံ ချခွန်စောပြည်နယ်ရှိ ရထားလမ်းကူးနေရာတစ်ခုတွင် ကုန်တင်ရထားတစ်စင်းက ပစ်ကပ်ထရပ်ကားကို ဝင်တိုက်ခဲ့မှုအတွင်း လူ (၈) ဦး သေဆုံးပြီး အခြား (၃) ဦး ဒဏ်ရာရခဲ့သည်။ 

ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၄) ရက် နံနက် (၃) နာရီဝန်းကျင်တွင် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း Muang ခရိုင် ရဲစခန်းမှ ရဲအရာရှိ ရဲဗိုလ်ကြီး Teerawat Pornprasit က ပြောသည်။

ရဲတပ်ဖွဲ့နှင့် Buddhasothorn ဆေးရုံမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့်အတူ အခင်းဖြစ်နေရာသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။ 

၎င်းတို့ ရောက်ရှိသွားချိန်တွင် ကွန်တိန်နာများ တင်ဆောင်ထားသော အမှတ် (၈၃၃) ကုန်တင်ရထားကို ရထားလမ်းပေါ်တွင် တွေ့ရသည်။

 

 အဆိုပါ ကုန်တင်ရထားက Lat Krabang ကွန်တိန်နာဝင်းမှ Laem Chabang ဆိပ်ကမ်းသို့ ခုတ်မောင်းလာခြင်း ဖြစ်သည်။

ကုန်တင်ရထားအနီးတွင် ဆိုးရွားစွာ ပျက်စီးနေသည့် ပစ်ကပ်ထရပ်ကားနှင့် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၃) ဦးတို့၏ အလောင်းများကို  တွေ့ရသည်။ .

ကုန်ရထားက ပစ်ကပ်ထရပ်ကားကို ဝင်တိုက်မှုအတွင်း ဒဏ်ရာရခဲ့သူ (၃) ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရပြီး ၎င်းတို့ကို Buddhasothorn ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

အသက် (၅၅) နှစ်အရွယ် ပစ်ကပ်ထရပ်ကားမောင်းသူ Wichai Yulek က ဘန်ကောက်မြို့ Lat Krabang ရှိ Wat Buaroy မှ အလုပ်သမားအုပ်စုကို တင်ဆောင်၍ Khlong Udom Cholachorn ရှိ ငါးလုပ်ငန်းနေရာတစ်ခုသို့ မောင်းနှင်သွားနေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောသည်။ 

၎င်း၏အဆိုအရ ရထားလမ်းကူးနေရာအနီးသို့ ရောက်ရှိလာစဥ် ရထားလာနေကြောင်း အချက်ပြမီးကို တွေ့ခဲ့သော်လည်း ခရီးသည်တစ်ဦးက ဆက်မောင်းရန် ပြောခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ရထားလမ်းကို ဖြတ်ကူးရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ ရထားက ဝင်တိုက်ခဲ့ကြောင်း ပစ်ကပ်ထရပ်ကားမောင်းသူက ပြောသည်။



Source: Bangkok Post