မလေးရှားနိုင်ငံအတွင်း ကွာလာလမ်ပူမြို့နှင့် အနီးတဝိုက် တရားမဝင် အခြေချ နေထိုင်သူများကို အာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးမှုများ စတင် လုပ်ဆောင်နေပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ မြို့တော်အတွင်းသို့ ဝင်ရောက် နေထိုင်ခြင်းကို ရပ်တန့်စေရန် ဆောင်ရွက်နေကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မေလ (၂၈) ရက်နေ့၏ ညသန်းခေါင်အချိန်တွင် စက်သေနတ်များ ကိုင်ဆောင်ထားသော အရာရှိအချို့ အပါအဝင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့နှင့် မြို့တော်ကောင်စီ စသည့် ပူးပေါင်းအင်အား (၁၀၀) ကျော်က ကွာလာလမ်ပူမြို့တော် အစွန်အဖျား နေရာများ၌ တရားမဝင် အခြေချ နေထိုင်နေကြသည့် မိသားစု (၃၀) ကို ဖမ်းဆီးရာ ၎င်းတို့အများစုမှာ ရိုဟင်ဂျာများ ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးနေမှုများကြောင့် လူ့အခွင့်အရေးအုပ်စု အသီးသီးက မလေးရှားအစိုးရ၏ အဆိုပါ ဆောင်ရွက်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေသည်။
၂၀၂၅ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN - Association of Southeast Asian Nations) ၏ အလှည့်ကျ ဥက္ကဌ အဖြစ် တာဝန်ယူသွားမည့် မလေးရှားနိုင်ငံ အနေဖြင့် ဒုက္ခသည်များအတွက် ပိုမို လုပ်ဆောင်နိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး (United Nations High Commissioner for Human Rights) Volker Turk က ဆိုသည်။
"လာမယ့် အာဆီယံဥက္ကဌအဖြစ် မလေးရှားရဲ့ ဦးဆောင်မှု အခန်းကဏ္ဍက အလွန် အရေးပါ ပါလိမ့်မယ်။ ပြီးပြည့်စုံတဲ့ ဒုက္ခသည် အကာအကွယ်ပေးရေးစနစ်တစ်ခု ဖော်ဆောင်ဖို့၊ ဒုက္ခသည်တွေရဲ့ တရားဝင်ဖြစ်မှုကို သတ်မှတ်ဖို့နဲ့ သူတို့တွေ အလုပ် လုပ်ခွင့်ရဖို့၊ ပုံမှန် ပညာသင်ကြားခွင့် ရဖို့၊ ကျန်းမာရေးနဲ့ အခြား အခြေခံ မရှိမဖြစ် ဝန်ဆောင်မှုတွေ ရဖို့ကလည်း အစိုးရအတွက် အရေးကြီးပါတယ်" ဟု Volker က ပြောသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး United Nations High Commission for Refugees (UNHCR) ၏ ၂၀၂၄ ခုနှစ် ဧပြီလအထိ စာရင်းများအရ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့် တောင်းခံသူနှင့် ဒုက္ခသည် အရေအတွက် (၁၈၈,၂၀၀) ခန့်ရှိသည်။
၎င်းတို့အနက် (၈၇) ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်ပြီး ရခိုင်ပြည်နယ်မှ ထွက်ပြေးလာကြသော ရိုဟင်ဂျာ အများစု ပါဝင်ကြောင်း နှင့် မလေးရှားနိုင်ငံရှိ ဒုက္ခသည် (၅၂,၂၀၀) ကျော်မှာ အသက် (၁၈) နှစ်အောက်များ ဖြစ်ကြသည်။
မလေးရှားနိုင်ငံသည် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို လက်မှတ်ရေးထိုး မထားသည့် နိုင်ငံဖြစ်ရာ ၎င်းတို့ကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့အတွက် စီစဥ်ဆောင်ရွက်ပေးရန် တာဝန်မရှိကြောင်း သိရသည်။
တရားဝင် စာရင်းများအရ စာရွက်စာတမ်း အပြည့်အစုံနှင့် တရားဝင် ရွှေ့ပြောင်းအလုပ်သမားများမှာ မလေးရှားနိုင်ငံ၏ လုပ်သားအင်အားစုတွင် (၁၅) ရာခိုင်နှုန်း ပါဝင်နေသည်။
အထောက်အထားမဲ့ အလုပ်သမားများနှင့်ပေါင်းလျှင် ရွှေ့ပြောင်းအလုပ်သမား အရေအတွက်မှာ (၅.၅) သန်းဝန်းကျင် ရှိနိုင်ကြောင်း သိရသည်။