တောင်ကိုရီးယားနိုင်ငံ၏ ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုမှုကြောင့် သေဆုံးသူ (၁၅၃) ဦးအထိ မြှင့်တက်လာပြီး သေဆုံးသူဦးရေ ထပ်တိုးလာနိုင် 

တောင်ကိုရီးယားနိုင်ငံ၏ ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုမှုကြောင့် သေဆုံးသူ (၁၅၃) ဦးအထိ မြှင့်တက်လာပြီး သေဆုံးသူဦးရေ ထပ်တိုးလာနိုင် 
အောက်တိုဘာ 31, 2022 | နိုင်ငံတကာသတင်း
By Mr John

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်တွင် ကျင်းပသည့် ဟောလိုးဝင်းပွဲတော်အတွင်း လမ်းကြိုလမ်းကြားတစ်ခုတွင် လူအုပ်စုလဲပြိုမှုကြောင့် ပွဲချင်းပြီး သေဆုံးသူများ အပါအဝင် ဆေးကုသရင်း သေဆုံးသူ မြှင့်တက်လာမှုသည် ဒေသစံတော်ချိန် အောက်တိုဘာလ(၃၀)ရက်နေ့အထိ  အနည်းဆုံး လူ (၁၅၃) ဦးအထိ ရှိလာပြီး ဆေးကုသမှုခံယူနေသူများထဲက စိုးရိမ်ရသူများ ဆက်လက်ရှိနေ၍   ဆက်လက်၍လည်း သေဆုံးသူ ဦးရေ တိုးလာနိုင်ကြောင်း သိရသည်။ 

၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၉) ရက် ညပိုင်းက ဆိုးလ်မြို့လယ် Itaewon ခရိုင် လမ်းမများတစ်လျှောက်တွင် ကျင်းပသည့် ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုကျမှုကြောင့် လက်ရှိအချိန်အထိ အမျိုးသား (၅၆) ဦးနှင့် အမျိုးသမီး (၉၇) ဦး စုစုပေါင်း (၁၅၃) ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။ 

သေဆုံးခဲ့သူ အများစုမှာ ဆယ်ကျော်သက်များနှင့် အသက် (၂၀) ကျော်အရွယ်များဖြစ်ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း အရေးပေါ်တာဝန်ရှိသူများက ပြောသည်။

Yongsan  မီးသတ်စခန်း၏ အကြီးအကဲ Choi Sung-beom ၏ ပြောကြားမှုအရ လူအုပ်စုလဲပြိုမှုအတွင်း ဒဏ်ရာရသူ (၈၂) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၁၉) ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ 

သေဆုံးခဲ့သူများအနက် နိုင်ငံခြားသား (၂၂) ဦး ပါဝင်သည်ဟုလည်း ၎င်းကပြောသည်။ 

အောက်တိုဘာလ (၃၀) ရက် နေ့လယ်ပိုင်းတွင် သေဆုံးသူများ၏ (၉၀) ရာခိုင်နှုန်းကို မည်သူဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ခဲ့ပြီဟု ဆိုသည်။ 

နိုင်ငံခြားသားများနှင့် မှတ်ပုံတင်ကတ်မရသေးသည့် ဆယ်ကျော်သက်များကိုမူ မည်သူဖြစ်ကြောင်း သိရှိနိုင်ရန် နှောင့်နှေးနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုမှုမှာ မတ်စောက်သည့် လမ်းကြိုလမ်းကြားတစ်ခုတွင် လူအုပ်စုကြီးက ရှေ့သို့ရောက်ရန် တွန်းခဲ့ရာမှ စတင်ခဲ့ကြောင်း သတင်းများက ဆိုသည်။

 သို့သော် တောင်ကိုရီးယားအစိုးရက လူအုပ်စုလဲပြိုမှုဖြစ်ရသည့် အကြောင်းရင်းကို တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။ 

နိုက်ကလပ်နှင့် ဘားဆိုင်များရှိသည့် ဆိုးလ်မြို့လယ် Itaewon တွင် ဟောလိုးဝင်းပွဲတော်ကို နှစ်စဥ် ကျင်းပလေ့ရှိသော်လည်း  COVID-19 ကပ်ရောဂါကြောင့် ပြီးခဲ့သည့် (၂) နှစ်တွင် ကျင်းပခဲ့ခြင်းမရှိပေ။ 

ကပ်ရောဂါစည်းမျဥ်းများအရ လူစုလူဝေးဖြင့် ပွဲအခမ်းအနားများ ကျင်းပခွင့်ပိတ်ထားခဲ့ရာမှ ယခု ဟောလိုးဝင်းပွဲတော်မှာ ပထမဆုံး ပြန်လည်ကျင်းပသည့် ပွဲတစ်ခုဖြစ်ပြီး လူဦး‌ရေ (၁၀၀,၀၀၀) ကျော် လာရောက်ခဲ့ကြကြောင်းနှင့် mask တပ်စရာမလိုအပ်ကြောင်း သိရသည်။

ယခု ဘေးအန္တရာယ်မှာ ၂၀၁၄ ခုနှစ်က အဓိကအားဖြင့် အထက်တန်း ကျောင်းသူကျောင်းသားများဖြစ်သည့် လူ (၃၀၄) ဦး သေဆုံးခဲ့သော Sewol ကူးတို့သင်္ဘောနစ်မြုပ်မှုနောက်ပိုင်း တောင်ကိုရီးယားတွင် လူသေဆုံးမှုအများဆုံး  ဖြစ်စဉ်တစ်ခု ဖြစ်လာသည်။

Source: Reuters, BBC