ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးအဖြစ် တရားဝင်ခွင့်ပြုထားသည့် ထိုင်းနိုင်ငံတွင် ဆေးခြောက်အဖူး ဝယ်ယူလိုသော နိုင်ငံသားများ မကြာမီ ၎င်းတို့၏ မှတ်ပုံတင်ကတ်ကို ပြသရမည်ဖြစ်ပြီး ရောင်းချမှု အချက်အလက်များကို အစိုးရ၏ ကွန်ပျူတာစနစ်ဖြင့် သိမ်းဆည်းမှုတွင် မှတ်တမ်းထားရှိသွားမည်ဟု ထိုင်းတိုင်းရင်းဆေးနှင့် အစားထိုးဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DTAM) က ပြောသည်။
အဆိုပါ ဌာန၏ အထွေထွေညွှန်ကြားရေးမှူး Thongchai Lertwilairattanapong က ထိုညွှန်ကြားချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်းနှင့် Royal Gazette တွင် ဖော်ပြပြီး အမြန်ဆုံး သက်ရောက်လာမည်ဟု ဆိုသည်။
ဆေးခြောက်အဖူး ဝယ်ယူလိုသည့် နိုင်ငံခြားသားများလည်း ၎င်းတို့၏ ပတ်စ်ပို့ကဲ့သို့ အထောက်အထားပြသရန် လိုအပ်ခြင်းရှိ မရှိ မသိရသေးပေ။
ကျန်းမာရေးဝန်ကြီးဌာနက လတ်တလော ထုတ်ပြန်ထားသည့် ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ သိရှိရန်လိုအပ်သော ဆေးခြောက်နှင့်ပတ်သက်သည့် အချက် (၁၀) ချက်တွင်မူ ထိုကိစ္စကို ထည့်သွင်းဖော်ပြမထားဟု သိရသည်။
ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ ယမန်နှစ် ဇွန်လအတွင်း ဖယ်ရှားကာ ဆေးဘက်ဆိုင်ရာသုံးအဖြစ် တရားဝင်ခွင့်ပြုခဲ့ပြီးနောက် အထူးစည်းမျဥ်းများ ဆက်တိုက်ထုတ်ပြန်နေခဲ့ရာ မှတ်ပုံတင်ကတ်ပြသရန် စည်းမျဥ်းမှာ နောက်ဆုံးတစ်ခုလည်း ဖြစ်လာသည်။
မကြာမီ သက်ရောက်လာမည့် စည်းမျဥ်းအသစ်အရ တရားဝင်မှတ်ပုံတင်ထားသည့် ဆေးခြောက်အရောင်းဆိုင်များ အနေဖြင့် ရောင်းချမှုနှင့် ဝယ်ယူမှုတို့ကို DTAM ဌာနသို့ စာရင်းပေးပို့ တင်ပြရမည်ဖြစ်ပြီး ဌာနက ရောင်းချမှုနှင့် ဝယ်ယူမှုတို့ကို ခြေရာခံ မှတ်တမ်းတင်ရန် ကွန်ပျူတာစနစ်အတွက် ကုမ္ပဏီတစ်ခုထံ လုပ်ငန်းအပ်နှံသွားမည်ဟု ဒေါက်တာ Thongchai က ပြောသည်။
တရားဝင် အရောင်းဆိုင်များ အနေဖြင့် ဝယ်ယူသူ၏ မှတ်ပုံတင်ကတ်ကို DTAM ၏ ကွန်ပျူတာစနစ်နှင့် ချိတ်ဆက်ထားသော ကိရိယာတစ်ခုအတွင်းသို့ ထည့်သွင်းနိုင်မည်ဖြစ်ပြီး ဆေးခြောက်အဖူး မည်မျှဝယ်ယူသွားခဲ့ကြောင်း သတင်းအချက်အလက်ကို မှတ်တမ်းတင်ထားမည် ဖြစ်သည်။
ဆေးခြောက်အရောင်းဆိုင်များက DTAM သို့ စာရင်းပေးပို့ တင်ပြရန် ပျက်ကွက်ခဲ့ပါက လိုင်စင်ပယ်ဖျက်ခံရမည်ဟု သိရသည်။
ယခုအချိန်အထိ ဆေးခြောက်အဖူး ရောင်းချခွင့်ပြုရန် လျှောက်ထားသည့်ဆိုင်ပေါင်း (၇,၀၀၀) ကျော်ရှိသည်ဟုလည်း ဒေါက်တာ Thongchai က ဆိုသည်။
ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို အပန်းဖြေသုံးအဖြစ် သုံးစွဲမှုအပေါ် ထိန်းချုပ်မရနိုင်ဖြစ်မည်ကို စိုးရိမ်ပူပန်မှုကြောင့် အချို့ နိုင်ငံရေးသမားနှင့် အရပ်ဘက်အဖွဲ့များက ထိန်းချုပ်မူးယစ်ဆေးဝါးစာရင်းတွင် ပြန်လည်ထည့်သွင်းရန် တိုက်တွန်းမှုများရှိနေကြောင်းလည်း သိရသည်။
Source: Bangkok Post