ဂျပန်ကုမ္ပဏီ Kirin က ရှယ်ယာအားလုံး စစ်အုပ်စုကိုရောင်းပြီး မြန်မာနိုင်ငံကနေ ထွက်ခွာမည်

ဂျပန်ကုမ္ပဏီ Kirin က ရှယ်ယာအားလုံး စစ်အုပ်စုကိုရောင်းပြီး မြန်မာနိုင်ငံကနေ ထွက်ခွာမည်
ဇူလိုင် 1, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin Holdings က ၎င်းနှင့်လက်တွဲလုပ်ကိုင်နေသော စစ်တပ်ပိုင် မြန်မာ့စီးပွာရေးဦးပိုင်လီမိတက် Myanma Economic Holdings Public Company Limited (MEHL) ထံ ရှယ်ယာများအားလုံးကို ရောင်းချပြီး မြန်မာနိုင်ငံမှ အပြီးထွက်ခွာတော့မည်ဟု ဇွန်လ (၃၀) ရက်နေ့တွင် ပြောသည်။

 မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာတွင် Kirin က မြန်မာမှထွက်ခွာသွားခြင်းလည်း ဖြစ်သည်။

Kirin က Myanmar Brewery Limited တွင် ၎င်းပိုင်ဆိုင်ထားသော ဂျပန်ယန်းငွေ (၂၂.၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆၄ သန်း) တန်ဖိုးရှိ ရှယ်ယာ (၅၁) ရာခိုင်နှုန်းကို ပြန်ရောင်းချပြီး စစ်တပ်ပိုင် ဦးပိုင်လီမိတက်နှင့် စီးပွားရေးမိတ်ဖက်အဖြစ် လုပ်ကိုင်နေခြင်းကို အဆုံးသတ်မည်ဟု ဆိုသည်။ 

Kirin နှင့် ဦးပိုင်တို့ကြား ယခုလုပ်ငန်းကိစ္စနှင့် ပတ်သက်၍ တစ်နှစ်ကျော်ကြာ ဆွေးနွေးမှု၊ အငြင်းပွားမှုများလည်း ရှိခဲ့သည်။

ကနဦးတွင် Kirin က မြန်မာဈေးကွက်အတွင်း တစ်နည်းနည်းဖြင့် ဆက်ရှိနေလိုကြောင်း ပြောခဲ့သော်လည်း ဦးပိုင်နှင့် တစ်နှစ်ကြာ ဆေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း အကျိုးတူပူးပေါင်းလုပ်ကိုင်မှု ရပ်စဲရန် သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။ 

၎င်းတို့အနေဖြင့် လုပ်ငန်းဖျက်သိမ်းခြင်း သို့မဟုတ် တတိယအဖွဲ့အစည်းတစ်ခုသို့ ရှယ်ယာလွှဲပြောင်းခြင်း နည်းလမ်းများကို စဥ်းစားခဲ့သော်လည်း နောက်ဆုံးတွင် ရှယ်ယာအားလုံးကို ဦးပိုင်ထံ ပြန်ရောင်းချရန် ဆုံးဖြတ်ခဲ့ကြောင်း Kirin က ပြောသည်။

တတိယအဖွဲ့အစည်းတစ်ခုသို့ ရှယ်ယာများလွှဲပြောင်းရန်မှာ ရှည်ကြာသည့်လုပ်ငန်းစဥ် လိုအပ်တာကြောင့် မြန်မာနိုင်ငံမှ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာမည့် ၎င်းတို့၏ ရည်မှန်းချက်အတွက် အဆင်မပြေခဲ့ဟု ဆိုသည်။ 

ထို့အတူ လုပ်ငန်းဖျက်သိမ်းခြင်းကလည်း မြန်မာဝန်ထမ်းများ၊ မိတ်ဖက်များနှင့် လူမှုအသိုင်းအဝိုင်းကို ကြီးမားသည့်သက်ရောက်မှု ဖြစ်စေနိုင်တာကြောင့် ထိုနည်းလမ်းကို မရွေးချယ်ခဲ့ကြောင်း Kirin က ပြောသည်။

Kirin က ရှယ်ယာအားလုံးကို ဦးပိုင်ထံ ရောင်းချခြင်းက စစ်အုပ်စုအကြိုက်ဖြစ်ပြီး ၎င်းတို့အတွက် ဝင်ငွေလမ်းကြောင်းတစ်ခု ဆက်ရှိနေလိမ့်မည်ဟု လူ့အခွင့်အရေးအုပ်စု Justice for Myanmar က ဝေဖန်လိုက်သည်။ 

စစ်အုပ်စုအတွက် ဝင်ငွေရစေမည့်ကိစ္စကို ငြင်းပယ်ရန်နှင့် အလုပ်အကိုင်ထိခိုက်ရသည့် အလုပ်သမားများကို လျော်ကြေးပေးရန် Justice for Myanmar က တောင်းဆိုခဲ့သည်။

Source: Reuters