ကမ္ဘာ့အသက်အကြီးဆုံး သက်ရှင်ထင်ရှား လူပုဂ္ဂိုလ် ဖြစ်လာမည့် ဂျပန်အမျိုးသမီးကြီး

ကမ္ဘာ့အသက်အကြီးဆုံး သက်ရှင်ထင်ရှား လူပုဂ္ဂိုလ် ဖြစ်လာမည့် ဂျပန်အမျိုးသမီးကြီး
သြဂုတ် 22, 2024 | နိုင်ငံတကာသတင်း
By Mr John

 ဂျပန်နိုင်ငံ အနောက်ပိုင်း Ashiya မြို့မှ အသက် (၁၁၆) နှစ်အရွယ် အမျိုးသမီးကြီး Tomiko Itooka ကို ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား လူပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စံချိန်တင်ကြောင်း ကြေညာသွားမည်ဟု ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း အဖွဲ့အစည်း Guinness World Records က ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၁) ရက်နေ့တွင် ပြောသည်။

ယခင် ဂင်းနစ်စံချိန်တင်ထားသည့် ကမ္ဘာ့အသက်အကြီးဆုံးဖြစ်သူ စပိန်နိုင်ငံ ကတ်တလိုနီးယားဒေသ Olot မြို့တွင် နေထိုင်သော အသက် (၁၁၇) နှစ်အရွယ် Maria Branyas Morera မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၉) ရက်နေ့၌ ကွယ်လွန်သွားခဲ့ပြီးနောက် ဂျပန်အမျိုးသမီးကြီး Itooka က ဂင်းနစ်စံချိန်တင် ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား လူပုဂ္ဂိုလ် ဖြစ်လာမည်ဟု Grontology Reserarch Group က ဆိုသည်။

"Maria Branyas က ကျွန်ုပ်တို့ကို ထားခဲ့ပါပြီ။ သူမက သူမ ဆန္ဒရှိခဲ့တဲ့အတိုင်း အိပ်ပျော်နေချိန်မှာ ဝေဒနာခံစားရမှု မရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့ပါတယ်။ သူမရဲ့ အကြံဉာဏ်နဲ့ ကြင်နာတတ်မှုတွေအတွက် သူမကို အမြဲ သတိရနေမှာပါ" ဟု သူမ၏ မိသားစု X လူမှုကွန်ရက်တွင် ရေးသားထားသည်။ 

Maria Branyas ကွယ်လွန်ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံး ဖြစ်လာမည့် Itooka မှာ ၁၉၀၈ ခုနှစ် မေလ (၂၃) ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၃) ဦးအနက် အကြီးဆုံး ဖြစ်ကြောင်း Hyogo စီရင်စုရှိ Ashiya မြို့ အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

သူမက အသက် (၂၀) နှစ်ဝန်းကျင်တွင် အိမ်ထောင်ပြုခဲ့ပြီး သမီး (၂) ဦးနှင့် သား (၂) ဦး မွေးဖွားခဲ့သည်။ 

စစ်ပွဲကာလအတွင်း သူမက ခင်ပွန်းဖြစ်သူထံမှ တောင်ကိုရီးယားရှိ အထည်အလိပ်စက်ရုံကို စီမံခန့်ခွဲရန် လွှဲပြောင်းရယူခဲ့သည်။ 

၁၉၇၉ ခုနှစ်တွင် ခင်ပွန်းသည် ကွယ်လွန်ပြီးနောက် Itooka က ဂျပန်အနောက်ပိုင်း Nara စီရင်စုတွင် တစ်ဦးတည်း နေထိုင်ခဲ့ပြီး တောင်တက်အဖွဲ့တွင် ပါဝင်ခဲ့သည်။

Itooka က ဂျပန်အလယ်ပိုင်း Nagano နှင့် Gifu စီရင်စုကြားရှိ ပေ (၉,၈၀၀) ကျော် (မီတာ ၃,၀၀၀) မြင့်သော Ontake တောင်ကို (၂) ကြိမ် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အသက် (၁၀၀) နှစ်အရွယ်တွင် Itooka က Ashiya Shrine ၏ ကျောက်လှေခါးထစ်များကို တုတ်ကောက်မပါဘဲ တက်နိုင်ခဲ့သေးသည်။ 

သို့သော် ၂၀၁၉ ခုနှစ်တွင် ဘိုးဘွားရိပ်သာတွင် သွားရောက်နေထိုင်ပြီးနောက် ဝှီးချဲဖြင့်သာ သွားလာနိုင်သည်ဟု ဆိုသည်။

 Itooka မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။

 

Source: KyodoNews