အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် (၄)ထပ် ရုံးခန်းအဆောက်အအုံ မီးလောင်မှုအတွင်း အနည်းဆုံး လူ (၂၇) ဦး သေဆုံး

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် (၄)ထပ် ရုံးခန်းအဆောက်အအုံ မီးလောင်မှုအတွင်း အနည်းဆုံး လူ (၂၇) ဦး သေဆုံး
By Mr John

 အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် မေလ (၁၃) ရက်နေ့ ညနေပိုင်းက အထပ်လေးထပ်ပါ ရုံးခန်းအဆောက်အအုံတစ်ခု မီးလောင်မှုအတွင်း အနည်းဆုံး လူ (၂၇) ဦး သေဆုံပြီး (၁၂)ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အရေးပေါ်ဌာနက ပြောသည်။ 

မီးလောင်မှု စတင်ဖြစ်ပွားစဥ် ထိုအဆောက်အအုံအတွင်း လူ (၇၀) ကျော် ရှိနေခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က ပြတင်းပေါက်များကို ဖျက်ဆီးပြီး ကြိုးများသုံးကာ လူတွေကို ကယ်ဆယ်ခဲ့သည်ဟု ဆိုသည်။

အိန္ဒိယမြို့တော် ဒေလီမြို့အနောက်ပိုင်း Mundka ရထားဘူတာရုံအနီးတွင် ဖြစ်ပွားခဲ့သည့် ထိုမီးလောင်မှုကို မီးသတ်ယာဥ် အစီး (၂၀) ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ 

ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ယူဆရကြောင်း သိရပြီး အိန္ဒိယမီဒီယာတွင် ဖော်ပြထားမှုအရ အဆောက်အအုံ မီးလောင်မှုနှင့်ပတ်သက်ပြီး လူနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ဝန်ကြီးချုပ်မိုဒီက မီးလောင်မှုအတွင်း အသက်ဆုံးရှုံးခဲ့မှုများအတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပြီး သေဆုံးခဲ့သူတစ်ဦးစီအတွက် ဆွေမျိုးသားချင်းများကို ရူပီး ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၅၈၀) နစ်နာကြေးပေးမည်ဟု ကတိပြုခဲ့သည်။ 

"မီးလောင်မှုကိုတော့ ငြှိမ်းသတ်ပြီးပါပြီ။ ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်း ဆက်လုပ်နေပါတယ်။ မီးလောင်ဆုံးရှုံးမှုပမာဏကိုပြောဖို့ အချိန်ယူရပါမယ်" ဟု မီးသတ်ဌာန လက်ထောက်အကြီးအကဲ Sunil Choudhary က ပြောကြောင်း Times of India သတင်းက ကိုးကားဖော်ပြသည်။

မီးလောင်မှုအတွင်း သေဆုံးခဲ့သူ အများစု၏ အလောင်းများကို အဆောက်အအုံ ဒုတိယထပ်တွင် တွေ့ရှိရသည်ဟု ဆိုသည်။ 

ကနဦး စစ်ဆေးမှုများအရ ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းနှင့် အဆောက်အအုံတွင် သင့်တော်သည့် မီးဘေးအန္တရာယ်ကင်းရေး စီမံဆောင်ရွက်ထားခြင်း မရှိကြောင်း ဒေသဆိုင်ရာ အစိုးရအရာရှိ Jogi Ram Jian က ပြောသည်။

 "ကျနော်တို့ စုံစမ်းစစ်ဆေးမှု စတင်နေပါပြီး။ တကယ်လို့ စည်ပင်အရာရှိတွေမှာ အပြစ်ရှိကြောင်း ဖော်ထုတ်သိရှိရရင် တိတိကျကျ အရေးယူသွားပါမယ်" ဟု ၎င်းကပြောကြောင်း Hindustan Times သတင်းက ကိုးကားဖော်ပြထားသည်။

Source: Times of India, BBC, Hindustan Times

Photo: ANI, PTI Photo,