ထိုင်းဘုရင့်သမီးတော် တော်ဝင်မင်းသမီး Bajrakitiyabha Narendiradebyavati မှာ နှလုံးရောဂါကြောင့် သတိမေ့လဲကျခဲ့ပြီးနောက် သီတင်း (၃) ပတ်ကျော်သည်အထိ သတိပြန်မရသေးကြောင်း သိရသည်။
င်းဘုရင့်နန်းတော်က အသက် (၄၄) နှစ်အရွယ် ထီးနန်းဆက်ခံဖွယ်ရှိသူ မင်းသမီး၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ၂၀၂၃ခုနှစ် ဇန်နနဝါရီလ (၇) ရက်နေ့ ညပိုင်းက တတိယအကြိမ် သတင်းထုတ်ပြန်ရာတွင် ပြောထားသည်။
မင်းသမီး Bajrakitiyabha နာမကျန်းဖြစ်မှုမှာ ဘက်တီးရီးယားပိုးဝင်မှုတစ်ခုကြောင့်ဟု တော်ဝင်မိသားစု၏ ဆရာဝန်များက ဆိုသည်။
တော်ဝင်မင်းသမီးမှာ mycoplasma ဘက်တီးရီးယားပိုးဝင်ပြီးနောက် နှလုံးရောင်ရမ်းမှုကြောင့် ပြင်းထန်သော နှလုံးခုန် မမှန်ခြင်းဖြစ်ပြီး သတိမေ့မြောသွားခဲ့ခြင်းဖြစ်ကြောင်း ဆရာဝန်များက ကောက်ချက်ချထားကြောင်း Royal Household Bureau က ထုတ်ပြန်သည်။
မင်းသမီး Bajrakitiyabha မှာ သတိမေ့မြောနေဆဲဖြစ်ပြီး ဆရာဝန်များက ပဋိဇီဝဆေးဝါး အပါအဝင် ဆေးဝါးများ ဆက်လက်ပေးထားကြောင်းနှင့် သူမ၏ အဆုတ်နှင့် ကျောက်ကပ် လုပ်ဆောင်မှုများအတွက် စက်ကိရိယာ အကူအညီပေးထားပြီး သူမ၏အခြေအနေကို အနီးကပ် စောင့်ကြပ်ကြည့်ရှုနေကြောင်း သိရသည်။
မင်းသမီးမှာ သူမ၏ ခွေးများကို Thailand Working Dog Championship 2022 ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် လေ့ကျင့် သင်ကြားပေးနေစဥ် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၄) ရက် ညနေ (၆) နာရီ (၂၀) မိနစ်အချိန်က သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။
သူမကို Pak Chong ခရိုင်ရှိ Pakchongnana ဆေးရုံသို့ ပို့ဆောင်ပြီး ကနဦး ကုသပေးခဲ့ပြီးနောက် သူမ၏ အခြေအနေ တည်ငြိမ်လာပြီးနောက် ဘုရင်ချူလာလောင်ကွန်းအထိမ်းအမှတ်ဆေးရုံသို့ ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ခဲ့ပြီး ဆက်လက် ကုသပေးနေခဲ့ကြောင်း သိရသည်။
မင်းသမီး Bajrakitiyabha မှာ ဘုရင်ဗာဂျီယာလောင်ကွန်း၏ သားသမီးများအနက် အကြီးဆုံးဖြစ်ရာ ထိုင်းနိုင်ငံ၏ ၁၉၂၄ ခုနှစ် နန်းတော်ဥပဒေ (1924 Palace Law) အရ ထီးနန်းအရိုက်အရာကို ဆက်ခံရမည့်သူဖြစ်သည်။
ဘုရင်ဗာဂျီယာလောင်ကွန်းက သူမကို ထီးနန်းဆက်ခံမည့် အိမ်ရှေ့စံမင်းသမီးအဖြစ် တရားဝင် သတ်မှတ်ထားခြင်း မရှိသေးသော်လည်း မင်းသမီး Bajrakitiyabha မှာ ထီးနန်းဆက်ခံရန် အသင့်တော်ဆုံးဖြစ်ကြောင်း အများက ရှုမြင်ထားကြသည်။
Source: Bangkok Post, Reuters