သမ္မတပူတင် မဟာမိတ်၏ သမီးကို ယူကရိန်းက သတ်ခဲ့ကြောင်း ရုရှားပြောဆို

Photo: nypost
Photo: nypost
သမ္မတပူတင် မဟာမိတ်၏ သမီးကို ယူကရိန်းက သတ်ခဲ့ကြောင်း ရုရှားပြောဆို
သြဂုတ် 23, 2022 | နိုင်ငံတကာသတင်း
By Mr John

သမ္မတဗလာဒီမာပူတင်၏ ရင်းနှီးသော မဟာမိတ်တစ်ဦး၏ သမီးဖြစ်သူကို ယူကရိန်းအထူးအေးဂျင့်ဌာနက သတ်ဖြတ်ခဲ့ကြောင်း ရုရှားနိုင်ငံက စွပ်စွဲပြောကြားလိုက်သည်။ 

ထင်ရှားသည့် ဂျာနယ်လစ်တစ်ဦးဖြစ်သူ အသက် (၃၀) နှစ်အရွယ် Darya Dugina မှာ ဩဂုတ်လ (၂၀) ရက်နေ့က မော်စကိုမြို့အနီး သူမ မောင်းနှင်နေသည့်ကား ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့သည်။

Darya ၏ ဖခင်ဖြစ်သူ ရုရှားဒဿနပညာရှင် Alexander Dugin မှာ ထင်ရှားသည့် အစွန်းရောက် အမျိုးသားရေးဝါဒီတစ်ဦးဖြစ်ပြီး သမ္မတပူတင်နှင့် ရင်းနှီးသူလည်း ဖြစ်သည်။ 

ကားဗုံးခွဲတိုက်ခိုက်မှုမှာ Alexander Dugin ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ယူဆထားသည်။ 

ယခုအခါ ရုရှားပြည်ထောင်စုလုံခြုံရေးဌာန Federal Security Service (FSB) က ထိုဖြစ်ရပ်ကို ဖြေရှင်းခဲ့ပြီးဖြစ်ကြောင်းနှင့် ယူကရိန်းက တိုက်ရိုက်တာဝန်ရှိကြောင်း ပြောဆိုလိုက်သည်။

ယူကရိန်းအစိုးရ တာဝန်ရှိသူများက ထိုပေါက်ကွဲမှုတွင် တစ်စုံတရာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အစောပိုင်းက ငြင်းဆိုထားခဲ့ပြီး ဖြစ်သည်။

 သို့သော် ရုရှားမီဒီယာများတွင် ဖော်ပြသည့် ထုတ်ပြန်ချက်တွင်မူ ယူကရိန်းအထူးအေးဂျင့်ဌာနက လုပ်ကြံသတ်ဖြတ်မည့်သူတစ်ဦးကို ငှားရမ်းခဲ့ပြီး ၎င်းမှာ ရုရှားသို့ ဇူလိုင်လလယ်ပိုင်း၌ သမီးဖြစ်သူနှင့်အတူ ရောက်ရှိလာခဲ့သည်ဟု ‌FSB က အခိုင်အမာ ပြောထားသည်။

ထို့နောက် ယူကရိန်းက ငှားရမ်းစေခိုင်းခဲ့သူ အမျိုးသမီးက Darya ၏ နေ့စဥ်သွားလာလှုပ်ရှားမှုကို လေ့လာစောင့်ကြည့်ရန် တူညီသည့် လူနေတိုက်ခန်း အဆောက်အအုံတွင် ငှားရမ်းနေထိုင်ခဲ့သည်ဟု FSB က စွပ်စွဲထားသည်။ 

Darya ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သံသယရှိသူ အမျိုးသမီးက Mini Cooper ကားတစ်စီးကို အသုံးပြုခဲ့ပြီး မတူညီသည့် ကားနံပါတ်ပြား (၃) ခုကို သုံးခဲ့ကြောင်းလည်း  ရုရှားမီဒီယာများတွင် ဖော်ပြသည်ထုတ်ပြန်ချက်က ပြောသည်။

Darya မောင်းနှင်လာသည့်ကား ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆိုပါ သံသယရှိသူက အက်စ်တိုးနီးယားနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း FSB က ဆိုသည်။ 

Darya နှင့် သူမ၏ဖခင် Alexander Dugin တို့က မော်စကိုမြို့အနီး အိမ်ရာတစ်ခုတွင် ကျင်းပပြုလုပ်သည့် ပွဲတော်တွင်ရှိနေခဲ့ကြပြီး ဒဿနပညာရှင်က ထိုပွဲတော်တွင် ဟောပြောပို့ချခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့သားအဖနှစ်ဦးက ကားတစ်စီးတည်းဖြင့် ဩဂုတ်လ (၂၀) ရက် ညနေပိုင်းတွင် အတူတူပြန်လာခဲ့ကြသည်။ 

ပေါက်ကွဲမှုမဖြစ်ပွားမီ နောက်ဆုံးမိနစ်ပိုင်းအတွင်း Alexander Dugin က ၎င်း၏သမီးနှင့် အတူမလိုက်ပါတော့ဘဲ အခြားကားတစ်စီးဖြင့်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ 

ရုရှားစုံစမ်းစစ်ဆေးရေးမှူးများက အဆိုအရ ဖောက်ခွဲရေးပစ္စည်းကို Darya ၏ Toyota Land Cruiser ကားအောက် ယာဥ်မောင်းဘက်အခြမ်းတွင် တပ်ဆင်ထားခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကားကိုဖောက်ခွဲပြီး သူမကို သတ်ခဲ့ကြောင်း FSB က ပြောသည်။

Telegram တွင် တင်ထားသော အတည်မပြုနိုင်သည့် မှတ်တမ်းတစ်ခုအရ Alexander Dugin မှာ ကားမီးလောင်ပျက်စီးနေသည့် နေရာသို့ အရေးပေါ်ဝန်ထမ်းများ ရောက်ရှိလာစဥ် အံ့ဩတုန်လှုပ်စွာ ကြည့်နေခဲ့သည်ကို တွေ့ရသည်။ 

ယခုဖြစ်ရပ်က စစ်ပွဲအရှိန်မြင့် ဖြစ်ပွားနေသည့် ယူကရိန်းနှင့်ရုရှားတို့ကြား ပိုမိုတင်းမာသည့် ဆက်ဆံရေးအခြေအနေကို ဦးတည်စေနိုင်ကြောင်း သုံးသပ်ထားကြသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Maria Zakharova ကမူ ယူကရိန်းနှင့်ဆက်နွယ်ကြောင်း တွေ့ရှိရပါက နိုင်ငံတော်အကြမ်းဖက်မှုဖြစ်လိမ့်မည်ဟု Telegram တွင် ရေးသားထားသည်။ 

ကားဗုံးခွဲတိုက်ခိုက်မှုဖြင့် ပစ်မှတ်ထားခံရသည့် Alexander Dugin မှာ ရုရှားအစိုးရအဖွဲ့တွင် တရားဝင်ရာထူးရယူထားခြင်း မရှိသော်လည်း သမ္မတပူတင်၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည်ဟု ယူဆရပြီး ဩဇာလွှမ်းမိုးမှုရှိကြောင်း သိရသည်။

Source: BBC