စစ်ဖြစ်နေကြသည့် ယူကရိန်း နှင့် ရုရှားတို့၏ သမ္မတနှစ်ဦးလုံးကို G20 အစည်းအဝေးတက်ရန် အင်ဒိုနီးရှားက ဖိတ်ကြား

ရုရှား သမ္မတ၊ အင်ဒိုနီးရှား သမ္မတ နှင့် ယူကရိန်း သမ္မတ
ရုရှား သမ္မတ၊ အင်ဒိုနီးရှား သမ္မတ နှင့် ယူကရိန်း သမ္မတ
စစ်ဖြစ်နေကြသည့် ယူကရိန်း နှင့် ရုရှားတို့၏ သမ္မတနှစ်ဦးလုံးကို G20 အစည်းအဝေးတက်ရန် အင်ဒိုနီးရှားက ဖိတ်ကြား
By Mr John

စစ်ဖြစ်နေကြသည့် ယူကရိန်း နှင့် ရုရှားတို့၏ သမ္မတနှစ်ဦးလုံးကို G20 အစည်းအဝေးတက်ရန် အင်ဒိုနီးရှားက ဖိတ်ကြား

နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေးသို့ လက်ရှိ စစ်ဖြစ်နေကြသည့် ယူကရိန်းနှင့်ရုရှားတို့၏ သမ္မတနှစ်ဦးလုံးကို ဖိတ်ကြားထားကြောင်း အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှား၏ သမ္မတက ဧပြီ (၂၉) ရက်နေ့က  အတည်ပြုပြောကြားသည်။

"G20 ထိပ်သီးအစည်းအဝေးကို တက်ဖို့ သမ္မတဇီလန်းစကီးကို ကျနော် ဖိတ်ကြားထားပါတယ်" ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောသည်။



ယူကရိန်းကို ကျူးကျော်သည့် လုပ်ရပ်အတွက် တုံ့ပြန်မှုအဖြစ် ရုရှားကို G20 အစည်းအဝေး တက်ရောက်ခွင့် မပြုရန် အနောက်အုပ်စုက ဖိအားပေးမှုများရှိခဲ့ပြီးနောက် အပေးအယူ ညှိနှိုင်းမှု ပြီးမြောက်သွားခဲ့ခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

ရုရှားသမ္မတပူတင်က G20 အစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း ဂျိုကိုဝီနှင့် ဖုန်းဆက်သွယ်ပြီး အတည်ပြုထားသည်။ ရုရှားက G20 အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ယူကရိန်းကတော့ အဖွဲ့ဝင် မဟုတ်ကြောင်းလည်း သိရသည်။



ယူကရိန်းတွင် စစ်ပွဲစတင်ကတည်းက အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုနိုင်ငံများက ရုရှားကို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုရန် အပြင်းအထန် ဖိအားပေးခဲ့ကြသော်လည်း  G20 အလှည့်ကျဥက္ကဌဖြစ်သည့် အင်ဒိုနီးရှားက အိမ်ရှင်နိုင်ငံအနေဖြင့် သမာသမတ်ကျရမည်ဟု ပြောခဲ့ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယူကရိန်းလည်း ထိပ်သီးအစည်းအ‌ဝေး တက်ရောက်နိုင်ကြောင်း အကြံပြုခဲ့သည်ဟု ဆိုသည်။



ထိုအခြေအနေအရ အပေးအယူ ညှိနှိုင်းမှုများဖြင့် အင်ဒိုနီးရှားသမ္မတဂျိုကိုဝီက ယူကရိန်းသမ္မတနှင့် ရုရှားသမ္မတ နှစ်ဦးလုံးကို ထိပ်သီးအစည်းအ‌ဝေးသို့ ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

G20 အစည်းအဝေး တက်ရောက်ရန် အင်ဒိုနီးရှားသမ္မတဂျိုကိုဝီက ၎င်းကို ဖိတ်ကြားထားကြောင်း ယူကရိန်းသမ္မတ ဇီလန်းစကီးက Twitter တွင် ဧပြီ (၂၇) ရက်နေ့က ပြောခဲ့သည်။

(၁၇) ကြိမ်မြောက် G20 နိုင်ငံများ ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာလ (၁၅) ရက်နှင့် (၁၆) ရက် နှစ်ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။



၁၉၉၉ ခုနှစ် စက်တင်ဘာလ (၂၆) ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် G20 အဖွဲ့တွင် အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ တောင်ကိုရီးယား၊ ဂျပန်၊ ရုရှား၊ ဆော်ဒီအာရေဗီးယား၊ မက္ကစီကို၊ တောင်အာဖရိက၊ တူရကီ၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ပါဝင်ကြကြောင်း သိရသည်။



Source: AFP