တရုတ်တောင်ပိုင်းတွင် ရေကြီးမှုအတွင်း မိကျောင်း အကောင်ရေ (၇၀) ကျော် လွတ်သွားခဲ့ရာ အသည်းအသန် ရှာဖွေနေရ

တရုတ်တောင်ပိုင်းတွင် ရေကြီးမှုအတွင်း မိကျောင်း အကောင်ရေ (၇၀) ကျော် လွတ်သွားခဲ့ရာ အသည်းအသန် ရှာဖွေနေရ
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ တောင်ပိုင်းရှိ မြို့တစ်မြို့တွင် ဒေသတွင်း ပြင်းထန်သည့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီးနောက် စီးပွားဖြစ် မွေးမြူရေးခြံတစ်ခြံမှ မိကျောင်း အကောင်ရေ (၇၀) ကျော် လွတ်သွားရာ ပြန်လည်ဖမ်းမိရန် အာဏာပိုင်များ ကြိုးပမ်းနေခဲ့ကြောင်း အစိုးရသတင်းဌာနများက ဖော်ပြသည်။ 

မိကျောင်းများ လွတ်သွားမှုကြောင့် ဒေသခံအချို့ကို အိမ်ထဲတွင်သာနေကြရန် သတိပေးထားသည်။

ရေကြီးမှုအတွင်း လွတ်သွားခဲ့သည့် မိကျောင်းများကို ဂွမ်ဒေါင်း (Guangdong) ပြည်နယ် Maoming မြို့ရှိ မိကျောင်းမွေးမြူရေးခြံတစ်ခြံတွင် မွေးမြူထားခဲ့ခြင်း ဖြစ်သည်။ 

သို့သော် မကြာသေးမီက ရေကြီးမှုအတွင်း မိကျောင်းမွေးမြူရေးကန် ရေပြည့်လျှံလာခဲ့ရာမှ မိကျောင်းများ လွတ်သွားခဲ့သည်။ အရွယ်ရောက်ပြီး မိကျောင်းအကြီး အကောင်ရေ အနည်းဆုံး (၆၉) ကောင်နှင့် မိကျောင်းပေါက် (၆) ကောင် လွတ်သွားခဲ့ကြောင်း ရှန်ဒေါင်းအခြေစိုက် Hai Bao News က ဖော်ပြသည်။

အရေးပေါ် အဖွဲ့တစ်ဖွဲ့က လွတ်သွားသည့် မိကျောင်းများကို ပြန်လည်ဖမ်းမိရေး အသံလှိုင်း အာရုံခံကိရိယာသုံးပြီး ရှာဖွေနေခဲ့ကြောင်း The Beijing News က ဆိုသည်။ 

သို့သော် ရေကြီးနေမှုက မိကျောင်းရှာဖွေရေးအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်နေခဲ့ရာ အာဏာပိုင်များက ဒေသခံများကို အိမ်အပြင်မထွက်ကြရန် သတိပေးထားရသည်။

မွေးမြူရေးခြံမှ လွတ်သွားသည့် မိကျောင်းများကို ပြန်ဖမ်းမည့်အစား သတ်ပစ်ရနိုင်ကြောင်း အရေးပေါ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက Nanfeng Plus News သတင်းဌာနကို ပြောသည်။ 

တရုတ်နိုင်ငံတွင် မိကျောင်းများမှာ ၎င်းတို့၏ သားရေကြောင့် တန်ဖိုးကြီးသည်။ 

ထို့အပြင် မိကျောင်းအသားကိုလည်း တရုတ်တိုင်းရင်းဆေးပညာအရ ဆေးဘက်ဝင်သည်ဟု ယူဆထားကြရာ မိကျောင်းများမှာ တန်ဖိုးကြီးကြောင်း သိရသည်။

 

Source: CNN