ပုံမှန်အားဖြင့် ကြက်တစ်ကောင်၏ သက်တမ်းမှာ (၅) နှစ်နှင့် (၈) နှစ်ကြား ဖြစ်သော်လည်း ပီးနပ် (Peanut) ဟု အမည်ပေးထားသည့် ကြက်မကြီးမှာ ယခုအခါ အသက် (၂၁) နှစ်နှင့် ရက်ပေါင်း (၁၆၀) ကျော်ပြီဖြစ်ကာ အသက်ရှင်သန်နေဆဲ ဖြစ်သည်။
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ မွေးမြူရေးခြံတစ်ခြံတွင် မွေးမြူထားသည့် ကြက်မကြီး ပီးနပ်မှာ ကမ္ဘာ့အသက်အကြီးဆုံး ကြက်အဖြစ် ဂင်းနစ်စံချိန်တင်ထားသည်။
ပီးနပ်၏အသက် (၂၀) နှစ်နှင့် (၂၇၂) ရက်ပြည့်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများ အဖွဲ့အစည်း (Guinness World Records) က သူမကို ကမ္ဘာ့အသက်အကြီးဆုံး ကြက်အဖြစ် တရားဝင် အသိအမှတ်လက်မှတ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၂ ခုနှစ် နွေဦးတွင် မွေးဖွားခဲ့သော ပီးနပ်၏ အသက်မှာ ၂၀၂၃ ခုနှစ် မတ်လ (၁) ရက်နေ့၌ အနည်းဆုံး (၂၀) နှစ်နှင့် (၃၀၄) ရက် ဖြစ်ကြောင်း ဂင်းနစ်ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။
ပီးနပ်၏ ပိုင်ရှင် မီချီဂန်ပြည်နယ်သူ Marsi Parker Darwin က ပုပ်နေပုံရသည့် ကြက်ဥအချို့ကို မိကျောင်းကန်အတွင်းသို့ စွန့်ပစ်ရန် ပြင်ဆင်နေခဲ့စဥ် ထိုကြက်ဥများထဲမှ တစ်လုံးကနေ ကြက်ပေါက်စလေးအသံကို ကြားခဲ့ရသည်။
ထို့နောက် Marsi က ကြက်ဥထဲကနေ မထွက်နိုင်ဖြစ်နေပုံရသည့် ပီးနပ်ကို အသာအယာ ဆွဲထုတ်ပေးခဲ့ရကြောင်း ပြန်ပြောပြခဲ့သည်။
ပီးနပ်ဟု အမည်ပေးခဲ့ပုံနှင့် ပတ်သက်၍လည်း ၎င်းမွေးဖွားစဥ်က အလွန်အကောင်သေးခဲ့ပြီး အလေးချိန် တစ်ပေါင် သို့မဟုတ် မွေးမြူးရေးခြံရှိ အခြား ကြက်မများ၏ သုံးပုံတစ်ပုံထက် ပို၍ မကြီးထွားလာခဲ့ရာ သူမကို 'Peanut' (မြေပဲစေ့) ဟု အမည်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း Marsi က ဆိုသည်။
#TachileikNewsAgency
Source: Guiness World Records, Pulse