မြန်မာဒုက္ခသည်များ အဓိက အားထားရာ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထား

မယ်တော်ဆေးခန်း တည်ထောင်ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံဖွား ကရင်တိုင်းရင်းသူ ဒေါက်တာစင်သီယာမောင် [ Photo: Mae Tao Clinic ]
မယ်တော်ဆေးခန်း တည်ထောင်ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံဖွား ကရင်တိုင်းရင်းသူ ဒေါက်တာစင်သီယာမောင် [ Photo: Mae Tao Clinic ]
မြန်မာဒုက္ခသည်များ အဓိက အားထားရာ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထား
ဖေဖော်ဝါရီ 17, 2023 | အခြားဒေသများ

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်တွင် မယ်တော်ဆေးခန်း တည်ထောင်ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံဖွား ကရင်တိုင်းရင်းသူ ဒေါက်တာစင်သီယာမောင်က ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားလိုက်ကြောင်း Bangkok Post သတင်းက ဖော်ပြသည်။ 

ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းက ထိုင်း - မြန်မာ နယ်စပ်တစ်လျှောက် မြန်မာဒုက္ခသည် လူနာများကို နှစ်(၃၀)ကြာ ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့သည်။

ဒေါက်တာစင်သီယာမောင်နှင့် Hill Area and Community Development Foundation (HADF) မှ ဝန်ထမ်းများက ထိုင်းနိုင်ငံသားလျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းကိစ္စအတွက် မဲဆောက်ခရိုင်ရုံးကို လာရောက်ခဲ့ကြကြောင်း Transborder News က ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့တွင် သတင်းဖော်ပြထားသည်။ 

သူမအနေဖြင့် မယ်တော်ဆေးခန်းကို မြန်မာဒုက္ခသည်တစ်ဦးအဖြစ် နှစ်ပေါင်း (၃၀) ကြာ လုပ်ကိုင်လာခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံသားကတ် ကိုင်ဆောင်ထားခြင်းဖြင့် နိုင်ငံတကာနှင့် ထိုင်းအဖွဲ့အစည်းများထံမှ အကူအညီများ ပိုမိုရရှိမည်ဟု ဒေါက်တာစင်သီယာမောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားခြင်းက မြန်မာနိုင်ငံသို့ ပြန်သွားရန် စီစဥ်ခြင်းဟုတ် မဟုတ် မေးမြန်းခဲ့ရာ ဒေါက်တာက သူမမှာ မည်သည့်နိုင်ငံသားဖြစ်ဖြစ် နှစ်ဘက်လုံးမှ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ပေးမည်ဟု ဖြေကြားခဲ့သည်။ 

ထိုအတောအတွင်း HADF တည်ထောင်သူ Tuenjai Deetes က ဒေါက်တာစင်သီယာမောင်၏ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားမှုကို ကူညီပေးရန် ပြည်ထဲရေးဝန်ကြီးထံသို့ စာတစ်စောင် ပေးပို့ခဲ့ကြောင်း သတင်းများက ဆိုသည်။

ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းတွင် လူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်ချက်များက ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ရွှေ့ပြောင်းနေထိုင်သူများနှင့် နိုင်ငံမဲ့သူများ အပါအဝင် များပြားလှသော ဒဏ်ရာရလူနာများနှင့် နာမကျန်းလူနာများကို ၁၉၈၉ ခုနှစ်ကတည်းက ကူညီပေးနေကြောင်း Tuenjai က စာထဲတွင် ရေးသားထားသည်။

မယ်တော်ဆေးခန်းက တစ်နှစ်လျှင် အသုံးစရိတ် ဘတ် (၄၈) သန်း ဝန်းကျင်ဖြင့် ပျမ်းမျှ လူနာအရေအတွက် (၃၀,၀၀၀) ကို ကျန်းမာရေးစောင့်ရှောက် ကုသပေးနေသည်။

 မယ်တော်ဆေးခန်းက အစိုးရထံမှ မည်သည့်ငွေကြေးအထောက်အပံ့မှ မပါရှိဘဲ (၃၄) နှစ်အတွင်း ဘတ် (၁.၈) ဘီလီယံကျော် အသုံးပြုပြီး လူနာ (၁) သန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။ 

မယ်တော်ဆေးခန်းမှာ ထိုင်း-မြန်မာ နယ်စပ်ဒေသ မဲဆောက်နှင့် အနီးတဝိုက် ဒေသများသို့ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များ အဓိက အားထားရာ ဆေးခန်းလည်း ဖြစ်သည်။

ဒေါက်တာစင်သီယာမောင်က မယ်တော်ဆေးခန်းအပြင် ဒုက္ခသည် ကလေးများအတွက် ပညာရေးကို ကူညီပေးရန် ကရင်၊ ဗမာ၊ ထိုင်းနှင့် အင်္ဂလိပ်ဘာသာစကားများဖြင့် သင်ရိုးညွှန်းတမ်း အသုံးပြုပြီး သင်ကြား‌ပေးနေသည့် ကလေးများဖွံ့ဖြိုးတိုးတက်ရေး စင်တာတစ်ခုကိုလည်း မဲဆောက်ခရိုင်တွင် တည်ထောင်ထားသည်။ 

ထိုစင်တာတွင် ခန့်မှန်းခြေအားဖြင့် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူ/သား (၁,၀၀၀) တက်ရောက်နေကြကြောင်း သိရသည်။

မယ်တော်ဆေးခန်း မရှိပါက နယ်စပ်တစ်လျှောက်ရှိ အစိုးရဆေးရုံများ အနေဖြင့် အကူအညီတောင်းလာကြသည့် ရွှေ့ပြောင်းနေထိုင်သူများနှင့် နိုင်ငံမဲ့လူနာများ အားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း Umphang ဆေးရုံ၏ ညွှန်ကြားရေးမှူး ဒေါက်တာ Worawit Tantiwattanasap က ပြောသည်။ 

"ထိုင်းနိုင်ငံသားဖြစ်ပြီဆိုရင် ဒေါက်တာစင်သီယာမောင်က သူမရဲ့ ဖောင်ဒေးရှင်းကို ထိုင်းအဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ပုံတင်လို့ရသွားမယ်" ဟု ဒေါက်တာ Worawit က ပြောသည်။

နယ်စပ်ခရိုင် (၅) ခုတွင် ခန့်မှန်းခြေ လူဦးရေ (၉၀၀,၀၀၀) ရှိနေသည်ဟု ဆိုသည်။ 

#TachileiknewsAgency

Source: Bangkok Post