အကျဉ်းထောင်များတွင် ကျန်းမာရေးလုံလောက်စွာ စောင့်ရှောက်မှု မရသဖြင့် (၈ )လအတွင်း နိုင်ကျဉ်း (၁၂)ဦး ကျဆုံး

အကျဉ်းထောင်များတွင် ကျန်းမာရေးလုံလောက်စွာ စောင့်ရှောက်မှု မရသဖြင့် (၈ )လအတွင်း နိုင်ကျဉ်း (၁၂)ဦး ကျဆုံး

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် ဆေးဝါးလုံလောက်စွာဖြင့် စောင့်ရှောက်မှု မရရှိသည့်အတွက် (၈)လအတွင်း နိုင်ငံရေးအကျဉ်းသား(၁၂)ဦးအထိ သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံမှ သိရသည်။



ဆေးဝါးလုံလောက်စွာဖြင့် စောင့်ရှောက်မှု မရရှိသည့်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား(၉)ဦး ၊ နိုင်ငံရေးအကျဉ်းသူ(၂) ဦး၊ ရဲ CDM (ရဲပြေးအမှုဖြင့် တရားစွဲဆိုခံထား ရသူ) (၁)ဦး စုစုပေါင်း(၁၂) ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။ 

 

ကျိုက်မရောအကျဉ်းထောင်တွင် ပုဒ်မ(၅၄) ပုဒ်မ ၅၂(က)ဖြင့် ထောင်တသက်ချမှတ်ခံထားရသော အသက် (၄၃)နှစ်အရွယ် ကိုရာရှင်(ခ)ဟာရှင်မှာ စစ်ကြောရေးမှရရှိသည့် အတွင်း‌ဒဏ်ရာများအား ကောင်းစွာကုသခွင့်မရ၍ ဇန်နဝါရီလက(၁၂)ရက်နေ့က ကျဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါအကျဉ်းထောင်တွင်ပင် ပုဒ်မ၅၂(က)ဖြင့် (၇)နှစ်ချမှတ်ခံထားရသည့် အသက်(၃၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည်လည်း လေထိုး၊ လေအောင့်ဖြစ်စဉ် အကျဉ်းထောင်ဆရာဝန်၏ ပေါ့လျော့မှုကြောင့် ဇန်ဝါရီလ(၁၆)ရက်နေ့တွင် ကျဆုံးခဲ့ရသည်။

မကွေးအကျဉ်းထောင်တွင် ၅၀(ည)ဖြင့် ထောင်ဒဏ်(၁၅)နှစ် အမိန့်ချခံထားရသည့် အသက်(၂၂)နှစ်အရွယ် မစုမေအောင်သည် ဇန်နဝါရီလ( ၂၂)ရက်နေ့တွင် အသည်းရောဂါ၊ အဆုတ်ရောဂါနှင့် ကျဆုံးခဲ့ရပြီး ကလေး အကျဉ်းထောင်တွင် ပုဒ်မ၅၀၅(က)၊ ၅၂(က)၊ ၅၀(ည) တို့ဖြင့် ထောင်ဒဏ်(၁၄)နှစ်ချခံထားရသည့် ကိုကြည်ရအောင် အသက်(၄၅)နှစ်မှာလည်း ဆရာဝန်များပေါ့လျော့မှုကြောင့် ဇန်နဝါရီလ( ၂၃)ရက်နေ့တွင် ကျဆုံးခဲ့ရသည်။

မန္တလေးအိုးဘို အကျဉ်းထောင်တွင် ၅၀၅(က)၊ ၅၀၅(က)နှစ်မှုဖြင့် ထောင်ဒဏ်(၆)နှစ်အမိန့်ချခံထားရသည့် အသက် (၃၅)နှစ်အရွယ် မယဉ်မိုးသည် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ကျောက်ကပ်ရောဂါဖြင့် ကျဆုံးခဲ့ရပြီး ဒိုက်ဦးအ ကျဉ်းထောင်တွင် ပုဒ်မ ၅၀၅/၁၂၄ တို့ဖြင့် ထောင်ဒဏ်(၈)နှစ်ကျခံနေရသည့် ဦးအေးဝင်း အသက်(၆၈)နှစ်မှာလည်း ဖေဖော်ဝါရီအတွင်း ကျဆုံးခဲ့ရသည်။

ဒိုက်ဦးအကျဉ်းထောင်တွင် ပုဒ်မ၅၂(က)၊ ၅၀(ည)တို့ဖြင့် ထောင်(၁၄)နှစ်ချခံထားရသည့် ဦးခင်စိုး အသက်(၆၄)နှစ် သည် စစ်ကြောရေးအတွင်း နှိပ်စက်မှုမှရရှိခဲ့သည့် အတွင်းကြေဒဏ်ရာအပြင် ဗိုက်အောင့်ဝေသနာအပေါ် လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုမရ၍ မတ်လ(၆)ရက်နေ့တွင် ကျဆုံးခဲ့ရကြောင်း သိရသည်။

ဒိုက်ဦးအကျဉ်းထောင်တွင် (၅၀)ည ဖြင့်အကျဉ်းကျနေသည့် အသက်(၃၂)နှစ်အရွယ် ကိုလင်းလင်းထွန်း(ခ) လယ်ဝေးသည် မေလ (၁၁)ရက်နေ့တွင် အကျဉ်းထောင်တွင်း သေဆုံးခဲ့ရပြီး သရက်ထောင်တွင် ပုဒ်မ(၅၂)က၊ ၅၁(ဂ)တို့ဖြင့် မတရားဖမ်းဆီးခံထားရသည့် အသက်(၃၉)နှစ်အရွယ် ကိုညီညီသည်လည်း ဇူလိုင်လ(၂၇) ရက် နေ့တွင် သွေးတိုးရောဂါဖြင့် သေဆုံးခဲ့ရသည်။

အင်းစိန်ထောင်တွင် ပုဒ်မ ၅၀၅(က)၊ ၅၂(က)တို့ဖြင့် အကျဉ်းချခံထားရသည့် အသက်(၄၅)နှစ်အရွယ် ကိုနေလင်းထိုက်သည် အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ မေလ (၁၁)ရက်နေ့တွင် သေဆုံးခဲ့ရကာ သရက်အကျဉ်းထောင်တွင် ရဲစည်းကမ်းဖြင့် အဖမ်းခံထားရသည့် CDM ရဲဝန်ထမ်း ကိုမျိုးသူသည် ကျန်းမာရေးအရေးပေါ်ဖြစ်ချိန် ဆရာဝန်အချိန်မီရောက်လာ၍ ဩဂုတ်လ(၂၈)ရက်နေ့တွင် သေဆုံးခဲ့ရသည်။ 

သထုံအကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသည့် အသက်(၅၇)နှစ်အရွယ် ဦးသန့်ဇင်သည်လည်း ကျန်းမာရေးမကောင်းစဉ် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရသည့်အတွက် ရင်ကြပ်ရောဂါဖြင့် အောက်တိုဘာလအတွင်း သေဆုံးခဲ့ရသည်ဟု သိရသည်။