ဒုံးညိုစခန်းမှ စစ်သုံ့ပန်း ၁၈ ဦးနှင့်အတူ လက်နက်အလက် ၄၀ကို AA သိမ်းပိုက်ရရှိ

ဒုံးညိုစခန်းမှ စစ်သုံ့ပန်း ၁၈ ဦးနှင့်အတူ လက်နက်အလက် ၄၀ကို AA သိမ်းပိုက်ရရှိ

ရခိုင်ပြည်နယ် မောင်တောအခြေစိုက် စစ်ကောင်စီ၏ ဒုံးညိုနယ်ခြားစောင့်တပ်စခန်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း(၁၈)ဦး ဖမ်းဆီးရမိကာ လက်နက် အလက်(၄၀)ကို သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် ရက္ခိုင့်တပ်တော်(AA)က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ (၁၇)ရက်နေ့ နေ့လယ် (၁)နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုများအပြင် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ စခန်းကိုသိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

စခန်းအတွင်းမှာ စစ်သုံ့ပန်း (၁၈)ဦးအား လက်နက်အလက် (၄၀)နှင့်အတူ ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်သား အလောင်းများစွာနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း AA ဘက်က ကျဆုံး၊ ဒဏ်ရာရသူတချို့ရှိခဲ့ပြီး ဆက်လက်၍လည်း လက်နက်ချအညံ့မခံသော စစ်ကောင်စီစခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency