KNLA သို့ စကစ တပ်သား တစ်ဦး လက်နက်အပ်ပြီး အလင်းဝင်၊ NUG က ဆုငွေ ဘတ်(၅၀၀၀၀) ချီးမြှင့်

Photo: Cobra Column
Photo: Cobra Column
KNLA သို့ စကစ တပ်သား တစ်ဦး လက်နက်အပ်ပြီး အလင်းဝင်၊ NUG က ဆုငွေ ဘတ်(၅၀၀၀၀) ချီးမြှင့်

 ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( Karen National Liberation Army  - KNLA )၏ တပ်ရင်း (၂၇) Cobra ပူး‌ပေါင်းစစ်ကြောင်းထံသို့ တပ်မ(၄၄)လက်အောက်ခံ စစ်ကောင်စီတပ်သားတစ်ဦး ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်မ (၄၄)လက်အောက်ခံ အမှတ်(၂)ခြေမြန်တပ်ရင်းမှ  တပ်သား ဟိန်းဇော်ဦးသည် MA (3) သေနတ်တစ်လက်၊ ၎င်းကျည်ဘောက် (၄) ခု၊ ၅.၅၆ ကပစ ကျည် (၁၀၀)တောင့် နှင့်အတူ CDM ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

လူခို့ (ညောင်ချောင်း) ဒေသသို့ ကျူးကျော် ရောက်ရှိနေသော ခမရ (၂) မှ ၎င်းတပ်သားသည် ကော်ဘရာပူးပေါင်းစစ်ကြောင်းထံသို့ ဆက်သွယ်ခိုလှုံကာ CDM ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ဆုတော်ငွေ ဘတ် (၅၀,၀၀၀) ချီးမြှင့်သဖြင့် Cobra စစ်ကြောင်းမှူး ဗိုလ်ဒါဘောက ကိုယ်စား ပေးအပ်ခဲ့ကြောင်း သိရသည်။