၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ၏ ရလဒ်ကို မဲလိမ်သည်ဟု စွပ်စွဲပြီး မိမိစိတ်အလိုကျ အာဏာသိမ်းလိုက်သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေသည်ဟု ပြောဆိုသည်။
"အချို့သော တိုင်းရင်းသား ခေါင်းဆောင်များဟာ ဖက်ဒရယ် အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးလို့ ပြောနေကြသော်လည်း ဒီမိုကရေစီရဲ့ သဘော သဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေ ကြတာကိုလည်း တွေ့နေရပါတယ်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာများ ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ဖို့ သင့်တယ်လို့ ပြောလိုပါတယ်။"ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ကျရောက်သည့် နှစ်သစ်ကူးအတွက် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
နိုင်ငံ့အာဏာကို သိမ်းယူလိုက်အပြီး တိုင်းနှင့်ပြည်နယ်များတွင် ၎င်းအား ငြိမ်းချမ်းသောနည်းဖြင့် ဆန္ဒပြရာမှ တဆင့် ၎င်းစစ်တပ်၏ ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်မှုများကို ခံလာရသည့် ပြည်သူများက မခံမရပ်နိုင်တော့ဘဲ လက်နက်ကိုင်စွဲကာ တော်လှန်စစ်အဖြစ် ဆင်နွှဲနေရာ စစ်ကောင်စီတပ်သည် တိုက်ပွဲများတွင်လည်း အရှုံးနှင့်ရင်ဆိုင်လာရ၍ လက်ကိုင်အဖွဲ့များကို တွန်းအားပေးကြရန် ပြည်သူများထံ အကူအညီပြန်တောင်းနေရပြန်သည်။
"ဘုံရည်မှန်းချက်နဲ့ လျှောက်လှမ်း ကြတဲ့လမ်းကြောင်း မတူညီတဲ့အတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတာကိုလည်း ဖြစ်ပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့လိုပါတယ်။ ကျွန်တော်တို့ ပြည်သူများကလည်း လက်နက်ကိုင် အဖွဲ့များကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးကြဖို့ လိုအပ်ကြောင်းလည်း ပြောကြားလိုပါတယ်။"ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းအနေဖြင့် နှုတ်ခွန်းဆက်ပြောကြားခြင်း နှင့် မိန့်ခွန်းပြောကြားခြင်း အပြင် တွေ့ဆုံများ၌ စကားပြောကြားခွင့်ရတိုင်း ၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်မှုကြောင့် အာဏာသိမ်းရသည့်အကြောင်း နှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်စွဲကိုင်မှုကြောင့် နိုင်ငံ မတည်မငြိမ် ဖြစ်နေရခြင်းသာဖြစ်ကြောင်းကို ၎င်းစကားအား ယုံကြည်မည်ဟု ယူဆပြီး ပြောဆိုလေ့ရှိသည်။
#TachileikNewsAgency