KNU နယ်မြေအတွင်း မောခီးရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ စခန်းကို KNLA က သိမ်းပိုက်

KNU နယ်မြေအတွင်း မောခီးရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ စခန်းကို KNLA က သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မောခီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း(ခလရ-၃၂)စခန်းကို ယနေ့မတ်လ(၂၁)ရက်နေ့ ညနေပိုင်းတွင် သိမ်းလိုက်ကြောင်း KNU က အတည်ပြုသည်။

၎င်းတပ်စခန်းကို တပ်မဟာ (၆)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA (၂၀၁)တပ်ရင်းနှင့် ပူး ပေါင်းတပ်ဖွဲ့တို့က သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မောခီးအခြေစိုက် ခလရ-၃၂ တပ်ရင်းစခန်းနှင့် ၎င်းတပ်ရင်းကို လာရောက် လုံခြုံရေးပေးနေသည့် စစ်ကောင်စီတပ် ခမရ(၅၅၅) စစ်ကြောင်းကို ယနေ့ နံနက်ပိုင်းကစတင်ပြီး KNLA (၂၀၁) တပ်ရင်းနှင့် ပူးပေါင်း DKBA တပ်မှူးဟောင်း ဗိုလ်စောနော်ခူးတို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြသဖြင့် တစ်ဦးသေကာ တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ကြီး ၁၂၀ မမ တစ်လက်၊ ၁၂၀ မမကျည် အလုံး ၅၀ ၊  RPG 7 ကျည်အလုံး ၅၀  သိမ်းဆည်းရမိကာ ကျန်လက်နက်ခဲယမ်းများကို ရှင်းလင်းနေဆဲဟု သိရသည်။ 

 မတ်လ(၁၃)ရက်နေ့ကလည်း အဆိုပါ ခြေမြန်တပ်ရင်း (ခမရ-၅၅၅) နှင့် ခြေလျင်တပ်ရင်း (ခလရ-၃၂) မှစခန်းမှူး၊ ဒုစစ်ကြောင်းမှူး နှစ်ဦးအပါနှင့် ၎င်းတို့ကို လုံခြုံရေး လိုက်ပါ ရယူပေးသည့် တပ်သား နှစ်ဦးကို KNLA တပ်ရင်း(၂၀၁)နှင့် ပူးပေါင်း တပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သေးသည်။